စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျောင်းသားထု၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အစွမ်းကုန်ကြိုးစားသွားမယ်လို့ NUG နဲ့ CRPH တို့ ပြော
- BVJ

- Jul 7
- 1 min read
BVJ _ ဇူလိုင် ၇ ၊ ၂၀၂၅

မြန်မာ့ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့တဲ့ ခေတ်အဆက်ဆက် ကျောင်းသားထုတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အလေးအနက်ထား ဦးညွတ်ဂုဏ်ပြုတယ်လို့ ဒီနေ့ ဇူလိုင် ၇ ရက်မှာကျရောက်တဲ့ ဆဲဗင်းဂျူလိုင် ၆၃ နှစ်ပြည့်သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့က ဖော်ပြထားပါတယ်။
ခေတ်အဆက်ဆက် ကျောင်းသားထုဟာ မတရားမှုကို ဆန့်ကျင်တွန်းလှန်ရင်း ရှေ့တန်းက ဦးဆောင်ခဲ့ကြသူတွေဖြစ်သလို အခုလက်ရှိ နွေဦးတော်လှန်ရေးမှာလည်း မျိုးဆက်သစ် ကျောင်းသားလူငယ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်တွန်းလှန် တော်လှန်နေတာကြောင့် စစ်ကောင်စီ အင်အားချည့်နဲ့လာပြီဖြစ်တယ်လို့ NUG နဲ့ CRPH တို့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ကျောင်းသားထု၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု ခိုင်မာအောင်တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း NUG နဲ့ CRPH တို့က ပြောကြားထားပါတယ်။
ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်ကို အရပ်ဖက်အဖွဲ့အစည်းအသီးသီးနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အထိမ်းအမှတ်အခမ်းအနားလုပ်ဆောင်နေကြသလို ထိုင်းနိုင်ငံ ချင်းမိုင်မှာရှိတဲ့ ဗကသကျောင်းသးများအဖွဲ့ချုပ် (ABFSU) ရဲဘော်တွေနဲ့ မဟာမိတ်အင်အားစုတွေကလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြစာတန်းချိတ်ဆွဲမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဆဲဗင်းဂျူလိုင် ၆၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “ကျောင်းသားထုတော်လှန်ရေး အဓွန့်ရှည်ပါစေ” (Long Live Students’ Revolution) စာသားပါ ဘန်နာစာတန်းကို စစ်ကောင်စီ ကောင်စစ်ဝန်ရုံးရှေ့ အုတ်တံတိုင်းမှာ ချိတ်ဆွဲခဲ့တာဖြစ်သလို “ထိုင်း-ဗမာ ကျောင်းသားတွေရဲ့ စည်းလုံးမှု အဓွန့်ရှည်ပါစေ” ( Long Live Students Solidarity Thai-Burma Students) ဘန်နာစာတန်းကိုလည်း ချင်းမိုင်မြို့တစ်နေရာမှာ ချိတ်ဆွဲခဲ့ပါသေးတယ်။







Comments