ပေါင်းတည်မြို့ ညောင်နီပင်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး
- BVJ

- Jun 12
- 1 min read
BVJ/ထက်အောင် _ ဇွန် ၁၂ ၊ ၂၀၂၅

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ညောင်နီပင်ရွာနဲ့ မအူကွင်းရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန အမှတ် ၂၁ ဗျူဟာ ပြည်ခရိုင် တပ်ရင်း ၂ က မနေ့ ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့နေတဲ့ အင်အား တစ်ရာဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အခု ဇွန်လ ၃ ရက်က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း ပြည်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံက ၃ ဦး၊ ဥသျှစ်ပင်အခြေစိုက် အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ဦး၊ အမှတ် ၆၀၁ ဒုံးတပ်ရင်းက ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီထံက ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA-1 ၂ လက်၊ MA-3 ၆ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ MA-1 ကျည်ဘောက် ၃ ခု၊ MA-3 ကျည်ဘောက် ၅ ခု၊ G-3 ကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၅၆ တောင့်၊ ၇.၆၂ ကျည် ၁၆ တောင့်၊ အိုင်ကွန်စက် ၁ လုံး၊ WY စိတ်ကြွဆေးပြား ၁၅၀ နဲ့ စစ်ဘက်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ် နှစ်စီးနဲ့ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်တပ်လေထီး နှစ်စီးနဲ့လည်း ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းကလည်း ဖော်ပြထားပါတယ်။
ညောင်နီပင်ရွာအနီး ကြားဖြတ်တိုက်ခိုက်မှုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၁ လက်အောက်ခံ ပြည်ခရိုင်တပ်ရင်း ၂ (တပ်ရင်း ၃၆၀၂) တပ်ရင်းရုံး၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နဲ့ ပြည်ခရိုင် တပ်ရင်း ၁ (တပ်ရင်း ၃၆၀၁)၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရွှေတောင် ပကဖ၊ ပေါက်ခေါင်း ပကဖနဲ့ သာယာဝတီခရိုင် အမှတ် ၁ (တပ်ရင်း ၃၈၀၁)၊ တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ ၆ ဧရာဝတီညီနောင်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။







Comments