အီရန်နျူကလီးယားစီမံကိန်းနေရာ ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ထရမ့်ပြော
- BVJ

- Jun 22
- 1 min read
BVJ/Moore _ ဇွန် ၂၂ ၊ ၂၀၂၅

အီရန်မှာရှိတဲ့ နျူကလီးယားစီမံကိန်းနေရာ ၃ ခုကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် ထုတ်ဖော်ပြောဆိုလာပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်အတွက် အရေးကြီးတဲ့ Fordow မြေအောက်နျူကလီးယားအဆောက်အအုံပါ ထိခိုက်ပျက်စီးသွားပြီလို့ သူက ပြောထားပါတယ်။
အီရန်-အစ္စရေးစစ်ပွဲ တစ်ပတ်ကျော်ကြာမြင့်လာချိန်မှာ အမေရိကန်က စစ်ပွဲထဲပါဝင်လာတာဖြစ်ပြီး အီရန်နျူကလီးယားစီမံကိန်းနေရာတွေဖြစ်တဲ့ Fordow ၊ Natanz ၊ Esfahan နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“တိုက်ခိုက်ရေးလေယာဉ်တွေအားလုံး ဘေးကင်းလုံခြုံပြီး ပြန်လည်ထွက်ခွာလာနေပါပြီ၊ ကျွန်တော်တို့ ဂုဏ်ယူရတဲ့ အမေရိကန်ရဲ့သူရဲကောင်းတွေပါပဲ” လို့ ထရမ့်က သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက် Truth မှာ ရေးသားထားပါတယ်။
“အခုချိန်က အီရန်အနေနဲ့ စစ်ပွဲကို ရပ်တန့်ဖို့ မဖြစ်မနေ သဘောတူရမယ့်အချိန်ပဲ” လို့ ထရမ့်က ရေးသားထားပါတယ်။ အီရန်က ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘဲ အမေရိကန်အနေနဲ့ စစ်ပွဲထဲပါဝင်လာပါက ပိုမိုဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ့်လို့ တီဟီရန်က အစောပိုင်းရက်တွေမှာ တုံ့ပြန်ပြောဆိုထားပါသေးတယ်။
အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်တဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့အတွက် အစ္စရေးနဲ့ အမေရိကန်က တိုက်ခိုက်ခဲ့တာလို့အကြောင်းပြထားပေမဲ့ နျူကလီးယားစီမံကိန်းဟာ ငြိမ်းချမ်းစွာအသုံးပြုဖို့သာဖြစ်တယ်လို့ တီဟီရန်က တုံ့ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း အမေရိကန်ဒီမိုကရက်တစ်အမတ်တွေနဲ့ ရီပတ်ဘလင်ကန်အမတ်အချို့က အီရန်စစ်ရေးကို အမေရိကန်ပါဝင်မယ်ဆိုပါက လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူဖို့အတွက် နှစ်ဖက်ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ အီရန်ကို စစ်ရေးအရ တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ အနောက်နိုင်ငံတွေက သံတမန်ရေးကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ပြည်သူ ၄၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃၅၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းမီဒီယာကနေတဆင့် ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။







Comments