အီရန်ကာကွယ်ရေးရုံးချုပ်နဲ့ စွမ်းအင်လုပ်ငန်းတွေကို အစ္စရေး ပစ်မှတ်ထားတိုက်ခိုက်
- BVJ

- Jun 16
- 1 min read
BVJ/Moore _ ဇွန် ၁၅၊ ၂၀၂၅

ဒီနေ့ ဇွန် ၁၅ ရက်မနက်အစောပိုင်း အစ္စရေးနဲ့ အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အစ္စရေးက အီရန်ကာကွယ်ရေးရုံးချုပ်နဲ့ စွမ်းအင်ရေနံလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ အစ္စရေးဝေဟင်ထဲ ဖြတ်သန်းဝင်ရောက်လာချိန် နိုင်ငံအတွင်း ဂါလီလီဒေသအပါအဝင် ဒေသအချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးကလည်း အီရန်ကာကွယ်ရေးဦးစီးချုပ်ရုံးအပါအဝင် နျူကလီးယားစီမံကိန်းနဲ့ ဆက်စပ်နေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း အစ္စရေးလေယာဉ်တွေအတွက် လောင်စာဆီသိုလှောင်ရာနေရာတွေနဲ့ စွမ်းအင်အဆောက်အအုံနေရာတွေကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးနေတဲ့ နျူကလီးယားဆွေးနွေးပွဲကိစ္စကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးနဲ့ အီရန်ကြား နှစ်ဖက်တိုက်ခိုက်မှု ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာ မရေရာဘူး ဖြစ်နေပါတယ်။
“တီဟီရန်ကို မီးလောင်ပြာချပစ်မယ်”လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အစ္စရေးအစိုးရ လုံခြုံရေးအစည်းအဝေးလုပ်နေချိန် အီရန်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ တဲလ်အဲဗစ်မြို့ထဲ ပေါက်ကွဲမှုတွေဖြစ်နေလို့ အစ္စရေးကာကွယ်ရေးနဲ့ အီရန်ရုပ်သံမီဒီယာတွေကပါ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးနဲ့ အီရန်ရဲ့ နျူကလီးယားထုတ်လုပ်မှုကို ဟန့်တားလိုတာကြောင့် မဖြစ်မနေ တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုထားပေမဲ့ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတာ ကာလရှည်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် နိုင်ငံအခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Ref: AP





Comments