အမေရိကန်ရောက်မြန်မာတွေ အခက်အခဲရှိရင် NUGကိုအကူအညီတောင်းနိုင်ဟု ဦးနေဘုန်းလတ်ပြော
- BVJ

- Jun 10
- 1 min read
ယာယီအကာအကွယ်ပေးမှုအစီအစဉ် သက်တမ်းထပ်တိုးပေးဖို့ မေတ္တာရပ်ခံ
BVJ/ယူဂရင်း_ ဇွန် ၁၀၊ ၂၀၂၅

အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒီနေ့ ဇွန် ၁၀ရက်မှာ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း”အစီအစဉ်မှာ အမေရိကန်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာနဲ့ပတ်သက်ပြီး ထည့်သွင်းပြောခဲ့တာပါ။
မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အပေါ် စိတ်မကောင်းကြောင်းနဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနွယ်ဖွားတွေ မြန်မာပြည်ကိုပြန်မလာဖြစ်တဲ့အကြောင်းထဲမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ကြိုးစားတဲ့နောက်ဆက်တွဲ ခုခံတော်လှန်စစ်တွေဖြစ်ပွားနေတာအပြင် အကြမ်းဖက်စစ်တပ်က လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ကိစ္စတွေကြောင့် နေရပ်မပြန်နိုင်ကြသေးတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲ့လိုမပြန်နိုင်သေးတဲ့သူတွေကို လက်ခံစောင့်ရှောက်ပေးထားတာကို ကျေးဇူးတင်သလို ယာယီအကာအကွယ်ပေးမှုအစီအစဉ် (Temporary protected status)ကို သက်တမ်းထပ်မံတိုးမြှင့်ပေးဖို့ကိုလည်း NUGက မေတ္တာရပ်ခံထားပါတယ်။
“အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီးအကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကိုပြန်မလာနိုင် သေးတဲ့သူတွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့တည်ဆဲဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ အခက်အခဲတစုံတရာရှိမယ်ဆိုရင်လည်း အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကူညီဆောင်ရွက်နိုင်တဲ့ကိစ္စဆိုရင် တတ်နိုင်သမျှကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူ့လုံခြုံရေးအန္တရာယ်တွေက ကာကွယ်ဖို့အတွက်ဆိုပြီး မြန်မာ(ဗမာ)အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံထဲ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်ကြောင်းအမိန့်ကို အမေရိကန်သမ္မတ ထရမ့်က အခုလ ၅ရက်က လက်မှတ်ရေးထိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။







Comments