top of page

AAထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ စစ်ဘေးရှောင် ၄ ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Jun 9
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၉ ၊ ၂၀၂၅

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ ကျောက်ကြီးရွာက စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့စဉ် (Photo: Arakan Princess Media)
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ ကျောက်ကြီးရွာက စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့စဉ် (Photo: Arakan Princess Media)

ရခိုင်ပြည်နယ် သံတွဲမြို့ကနေရာ သုံးခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပိတော် AAနဲ့နီးစပ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။


AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ကျောက်ကြီးရွာ၊ ပုဇွန်ဖြေရွာနဲ့ စစ်ကောင်စီတပ်သားသစ် စုဆောင်းရေးဌာန နေရာဟောင်းကို အခုလ ဇွန် ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်ရွှီလေးရွာနဲ့ ဆင်ဒင်ကြီးရွာတို့ကနေ ကျောက်ကြီးရွာ စာသင်ကျောင်းမှာ စစ်ရှောင်နေကြတဲ့ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ၁၂ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။


ကျောက်ကြီးရွာကို စစ်ကောင်စီက ဇွန် ၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်နဲ့ ၁၀ နာရီခွဲဝန်းကျင်မှာ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် ပုဇွန်ဖြေရွာ စာသင်ကျောင်းကိုလည်း ဇွန် ၇ ရက်ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းဆောင် အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။


တချိန်ထဲမှာပဲ သံတွဲမြို့ စစ်ကောင်စီ တပ်သားသစ်စုဆောင်းရေးတပ်ဌာန နေရာဟောင်းကိုလည်း ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ပေမဲ့ အရပ်သားပြည်သူ ထိခိုက်မှုတစုံတရာ မရှိခဲ့ပါဘူး။


သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ သိမ်းယူထားနိုင်ခဲ့တာဖြစ်ပြီး သံတွဲမြို့ လေယာဉ်ကွင်းနဲ့ ဟိုတယ်ဇုန်နေရာတွေကိုလည်း ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။ သံတွဲမြို့ကို AA တပ်တော် သိမ်းယူထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page