top of page

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုကို စစ်ရေးထက် ငြိမ်းချမ်းရေးနည်းလမ်းနဲ့သာ ဖြေရှင်းလိုတယ်လို့ ပေထုန်တန် ပြော

  • Writer: BVJ
    BVJ
  • Jun 4, 2025
  • 1 min read

Updated: Jun 7, 2025

စစ်ရေးအရ တိုက်ခိုက်ဖို့လိုအပ်ပါက အသင့်ပြင်ဆင်ထားပြီး သူရဲဘောကြောင်နေမှာမဟုတ်ဘူးလို့ ဆို


BVJ/Moore _ ဇွန် ၄ ၊ ၂၀၂၅


Photo: Bangkok Post
Photo: Bangkok Post

နှစ်နိုင်ငံနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ပါက ထိုင်းနိုင်ငံအနေနဲ့ တုံ့ပြန်ဖို့ အဆင်သင့်ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ဒီနေ့ ဇွန် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်လိုတယ်လို့ ပေထုန်တန်က ပြောပါတယ်။


“ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကို အလေးထားပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်လာမယ်ဆိုရင်လည်း ထိုင်းနိုင်ငံအနေနဲ့ သတ္တိနည်း သူရဲဘောကြောင်နေမှာမဟုတ်ပါဘူး” လို့ အစိုးရအိမ်တော်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပေထုန်တန်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။


“ထိုင်းနိုင်ငံသားတွေ လုံခြုံစိတ်ချစွာရှိနေဖို့ ကျွန်မတို့ သေချာအောင်ပြင်ဆင်ထားပါတယ်။ တကယ်လို့ နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုလည်း ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ပါပဲ။ အဲ့အတွက် အားလုံးအသင့်ပြင်ထားပြီးပါပြီ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကိုတော့ ဦးစားပေးဆောင်ရွက်လိုပါတယ်။ ဒါကို ဘာကြောင့်ရွေးချယ်ရသလဲဆိုရင် နှစ်နိုင်ငံ ပြည်သူတွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားရမှာကို မလိုလားလို့ပါ” လို့ ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။


ထိုင်းအစိုးရအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေကို ကာကွယ်သွားမှာဖြစ်ပြီး တပြိုင်တည်းမှာပဲ ငြိမ်းချမ်းရေးစွာ ဖြေရှင်းရေးကိုလည်း ဦးစားပေးဆောင်ရွက်လိုတယ်လို့ ထိုင်းအစိုးရက ဒီနေ့မနက်ပိုင်းမှာ လူမှုကွန်ရက် (Facebook) ကနေတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။


“တကယ်လို့ ကျွန်မတို့မှာ ရွေးချယ်စရာရှိမယ်ဆိုရင် ငြိမ်းချမ်းရေးကိုပဲ ရွေးချယ်ချင်ပါတယ်။ ဒီနေ့အထိ ဒါဟာ ရွေးချယ်လို့ရနေဆဲပါပဲ။ ဒါပေမဲ့ ထိုင်းအချုပ်အခြာအာဏာ ထိပါးလာမယ်ဆိုရင်တော့ တိုက်ခိုက်ရပါလိမ့်မယ်” လို့ ပေထုန်တန်က ပြောပါတယ်။


လက်ရှိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အခြေအနေနဲ့ ကမ္ဘောဒီးယားရဲ့ တုံ့ပြန်မှုကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားထားပြီး နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပွားပါက စေ့စပ်ညှိနှိုင်းရေးကိုသာ လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။


ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အူဘွန်ရစ်ချာထာနီခရိုင် ချွန်ဘော့ခ်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း က‌မ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်အခြေအနေကို အစိုးရအဖွဲ့အတွင်း အရေးပေါ်အစည်းအဝေး လုပ်ဆောင်နေတယ်လို့လည်း ပေထုန်တန်က ပြောကြားထားသလို ဒီအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသားအားလုံးရဲ့ ထောက်ခံမှုနဲ့ စည်းလုံးမှု လိုအပ်တယ်လို့လည်း ဆိုပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page