YGF က သင်တန်းသားရဲဘော် ၂ ဦးသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သင်တန်းဆရာကို အရေးယူထားလို့ဆို
- BVJ

- Jun 22, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၂၁ ၊ ၂၀၂၅

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း အပတ်စဉ် ၂ က သင်တန်းသားရဲဘော် ၂ ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သင်တန်းဆရာတစ်ဦးကို အရေးယူထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ဗျူဟာ ၃၃ စစ်ဆင်ရေးဌာနက မနေ့ ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
YGF တပ်ဖွဲ့ဟာ NUG MOD လက်အောက်ခံ အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ ဒေါနတပ်ရင်း စစ်ကြောင်း ၂ လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး အခြေခံ/အထူးချေမှုန်းရေးစစ်သင်တန်း အပတ်စဉ် ၂ ကို ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်သင်တန်းကာလအတွင်း သင်တန်းသား ၂ ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သင်တန်းသား ရဲဘော်ဘထက်ဟာ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ရှိ သေဆုံးခဲ့တာဖြစ်တယ်လို့ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာနက ထုတ်ပြန်ထားပြီး ရဲဘော်ဒိုင်နိုဟာ အဆုတ်ပိုးဝင် ချောင်းဆိုးသွေးပါရောဂါအခံရှိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဲဘော် ၂ ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာန ဗျူဟာမှူးကိုယ်တိုင်ဦးစီးပြီး စုံစမ်းရေးကော်မတီဖွဲ့ကာ စစ်ဆေးခဲ့ပြီးနောက် ရဲဘော်ဘထက် ငှက်ဖျားဝေဒနာခံစားနေရပြီး ဆေးသောက်နေရချိန် သင်တန်းဆရာတစ်ဦးက အနားယူခွင့်မပေးခဲ့တာကြောင့် ရောဂါပိုမိုဆိုးရွားလာပြီး နောက်ဆုံး ဘုရားသုံးဆူဆေးရုံကို ပို့ဆောင်ချိန် ဦးနှောက်အတွင်း ငှက်ဖျားပိုးရောက်ရှိသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စုံခုံကော်မတီဖွဲ့စစ်ဆေးမှုအတွင်း သင်တန်းဆရာက အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် သင်တန်းဆရာကို အခု ဇွန် ၈ ရက်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး မည်သည့်သင်တန်းမှ သင်ကြားခွင့်မပေးတော့ဘဲ သင်တန်းဆရာအဖြစ် ရာသက်ပန်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဒေါနတပ်ရင်းမှူး ကိုရန်နိုင်ကလည်း "တိကျသေချာစွာ ဖြေရှင်းဖို့ စီစဉ်နေပါတယ်။ ဖြေရှင်းပြီးရင် ကျနော်တို့ ပြန်ထုတ်ပြန်ပါမယ်ဗျ။ လောလောဆယ်တော့ မလိုအပ်ဘဲ သတင်းဖောင်းပွမှုတွေ၊ နားလည်မှု လွဲမှာမျိုးတွေ မဖြစ်ရအောင် စောင့်ကြည့်ပေးပါ"လို့ Burma VJ ကို ပြောပါတယ်။
ရဲဘော် ၂ ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး စစ်သင်တန်းမှာ သင်တန်းဆရာတွေရဲ့ ကြမ်းတမ်းတဲ့ ရိုက်နှက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ပြောစကားကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနက အခု ဇွန် ၁၇ ရက်မှာ ရေးသားဖော်ပြထားပြီး ဒီအခြေအနေနဲ့ပတ်သက်လို့ Burma VJ က သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။




Comments