top of page

သံတွဲနဲ့ ဂွမြို့မှာ စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AAတပ်ဖွဲ့ ရှင်းလင်း

  • Writer: BVJ
    BVJ
  • Jun 22, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၀ ၊ ၂၀၂၅


ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ ဂွမြို့နယ်တို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းနေပါတယ်။ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော် ရှင်းလင်းထားပြီးဖြစ်တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလတို့က သံတွဲမြို့နဲ့ ဂွမြို့တို့ကို AA တပ်တော်က သိမ်းယူထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနေရာတွေက စစ်ကောင်စီအခြေချတပ်စွဲခဲ့တဲ့စခန်းတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအပြင် ကားလမ်းမတွေ၊ ဒေသခံနေအိမ်နဲ့ တောတောင်နေရာတွေမှာပါ AA က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


 AA က မိုင်းရှင်းလင်းရေးလုပ်ဆောင်ချိန် သံတွဲမြို့မှာ မြေမြှုပ်မိုင်း ၅၀၀ ဝန်းကျင်နဲ့ ဂွမြို့နယ်မှာ မြေမြှုပ်မိုင်း ၁၅၀၀ ကျော်အထိ ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီစွန့်ပစ်ခဲ့တဲ့ လက်နက်တွေနဲ့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးအချို့ကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။


စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်နဲ့ မြို့ရွာတွေ၊ တောတောင်နေရာတွေ၊ ကားလမ်းမတွေမှာ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူအချို့ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပေါ်တာတွေလည်း ရှိနေပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၁၀၅၂ ဦးအထိရှိခဲ့တယ်လို့ ယူနီဆက် (UNICEF) က ထုတ်ပြန်ထားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း မြေမြှုပ်မိုင်းကြောင့် ၈၈၉ ဦး ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေရှိခဲ့တယ်လို့ ၂၀၂၄ နိုဝင်ဘာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြေမြှုပ်မိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ထိခိုက်သေဆုံးသူ ၂၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ ၁၂ ရာခိုင်နှုန်းနဲ့ ကျန်ဒေသအသီးသီးမှာ ထိခိုက်ခံစားရသူအရေအတွက် ၄၅ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ ယူနီဆက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ခံစားရသူအရေအတွက်ရဲ့ စုစုပေါင်း ၂၈ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page