ပြည်သူ့တော်လှန်ရေးအောင်ပွဲကို မွေးနေ့ရှင်မျှော်လင့်နေဟု NUGကာကွယ်ရေးဝန်ကြီး ပြော
- BVJ

- Jun 22
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၁၉ ၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီဆီမှာသနားငဲ့ညှာမှုမျှော်လင့်မှာမဟုတ်ဘဲ ပြည်သူ့တော်လှန်ရေးအောင်ပွဲကိုသာ မျှော်လင့်မှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
“ဘာ့ကြောင့် အခုထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးသေးတာလဲ။ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတဲ့အတွက်ပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လူမဆန်မှုကို ကောင်းကောင်းသိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းဖက်စစ်ကောင်စီဆီက ဘယ်လိုသနားငဲ့ညှာမှုမျိုးကိုမှ မျှော်လင့် လိမ့်မယ်မဟုတ်ပါဘူး။ သူမျှော်လင့်မှာကတော့ ပြည်သူ့တော်လှန်ရေးရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ အောင်ပွဲရဲ့ တေးသံကိုပဲ သူ နားစွင့်နေမှာ ဖြစ်ပါတယ်”လို့ ဒီနေ့မှာကျရောက်တဲ့ ဒေါ် အောင်ဆန်းစုကြည် ၈၀ပြည့်မွေးနေ့ဆုတောင်းမှာ ဦးရည်မွန်ကထည့်သွင်းပြောထားတာပါ။
NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ထပ်တူထပ်မျှရပ်တည်မှာကို ခိုင်ခိုင်မာမာယုံကြည်တယ်လို့ ပြောပါတယ်။
“ပြည်သူနှင့် အမြဲအတူရှိသည့် လူထုခေါင်းဆောင်သည် အမှန်တရားအတွက် တိုက်ပွဲဝင် နေကြသည့် ပြည်သူများနှင့် အပြည့်အဝရပ်တည်နေခြင်းကြောင့်သာ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မည်သူ့ကိုမျှ တရားဝင် တွေ့ဆုံခွင့်မပေးရဲခြင်းဖြစ်ပါသည်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လူထုခေါင်းဆောင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ ဘေးကင်းကျမ်းမာပြီး အမြန်ဆုံး လွတ်မြောက်ကြဖို့ကိုလည်း ဆုတောင်းထားပါတယ်။







Comments