ဗန်းမောက် အထူးသယံဇာတအဖွဲ့တာဝန်ရှိသူတွေကို ထိန်းသိမ်းထားတယ်လို့ NUG အတည်ပြု
- BVJ

- Jun 6, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာရှိတဲ့ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ကတာဝန်ရှိသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဝင်ရောက်ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Burma VJ ကို အတည်ပြုပြောပါတယ်။
အထူးသယံဇာတအဖွဲ့နဲ့ပတ်သက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနဆီ တိုင်ကြားမှုအစီရင်ခံစာတွေရရှိခဲ့တာကြောင့် အခု ဇွန်လ ၃ ရက်မှာ NUG MOD စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
“ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆီရောက်တဲ့ တိုင်ကြားမှုနဲ့ အစီရင်ခံစာတွေအရ စစ်ဆေးဖို့လိုအပ်တဲ့အတွက် ထိန်းသိမ်းတာဖြစ်ပါတယ်။ အဲ့မှာ အခြေအနေအရ ရဲတပ်ဖွဲ့အနေနဲ့ ထိန်းသိမ်းဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့်မို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ကာကွယ်ရေးဝန်ကြီးဌာနရဲ့အကူအညီနဲ့ ထိန်းသိမ်းတာဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဗန်းမောက်မြို့ အထူးသယံဇာတအဖွဲ့ကို NUG MOD က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးချိန် အဓိကတာဝန်ရှိသူတွေကို ထိန်းသိမ်းထားပြီး အခုအမှုကိစ္စနဲ့မသက်ဆိုင်သူတွေကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဝင်ရောက်စီးနင်းမှုအတွင်း တာဝန်ရှိသူတွေနဲ့အတူ လက်နက်ခဲယမ်းအချို့နဲ့ ပစ္စည်းပစ္စယအချို့ကိုလည်း သိမ်းဆည်းရရှိ ထိန်းသိမ်းထားတယ်လို့လည်း ဦးနေဘုန်းလတ်က ဖြည့်စွက်ပြောပါတယ်။
အခုဝင်ရောက်စီးနင်းခံရတဲ့အဖွဲ့ဟာ NUG သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) က ဖွဲ့စည်းပေးထားတဲ့ အထူးသယံဇာတအဖွဲ့တစ်ခုဖြစ်တယ်လို့သိရပြီး အခုဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး MONREC ဆိကို အီးမေးလ်ကနေတဆင့် Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်မှာရှိတဲ့ အထူးသယံဇာတအဖွဲ့ကိုဝင်ရောက်စီးနင်းမှုအတွင်း ငွေကျပ်သိန်း တစ်သောင်းကျော်၊ ရွှေချောင်းအများအပြားနဲ့ တန်ဖိုးကြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပေမဲ့ Burma VJ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် ငွေကြေးအလွဲသုံးစားမှု၊ တရားမတင် ရွှေလုပ်ကွက် ရောင်းဝယ်မှု၊ သစ်ခိုးထုတ်မှု၊ ဆီမှောင်ခိုတင်သွင်းမှု၊ လက်နက်စုဆောင်းမှု စတဲ့ အလွဲသုံးစာလုပ်မှုအခြေအနေတွေကြောင့် NUG MOD က ဝင်ရောက်စီးနင်း ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။




Comments