ဖားဆောင်းမြို့က ခလရ (၁၃၄)တပ်ရင်း ကရင်နီတပ်ပေါင်းစု သိမ်းပိုက်၊ ခလရ(၁၃၅) ရရှိရေး ဆက်လက်ကြိုးစားနေ
- BVJ

- Jul 4
- 1 min read
အေတီ/BVJ_ဇူလိုင် ၂၊ ၂၀၂၅

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ရက်နေ့မှာ စတင်ခဲ့တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ခလရ(၁၃၄) တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုနဲ့ကာကင်းနေရာ ၃ ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ (၁၃၅)တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့သိရပြီး အဲ့ဒီတပ်ရင်းရရင် ဖာဆောင်းတမြို့လုံးဟာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲရောက်လာမှာဖြစ်ပါတယ်။ခလရ(၁၃၄)တပ်ရင်းသိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတဲ့ထိုးစစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကကြီး ကြီးမားမားပေးဆပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ခလရ ၁၃၄ သိမ်းပိုက်ခဲ့တာကို အတည်ပြုပေးပြီး ဖားဆောင်းမြို့နဲ့ပတ်သက်တဲ့ လူတွေကြားချင်တဲ့ သတင်းကောင်းတခု မကြာခင်မှာကြားရတော့မယ်လို့ ကရင်နီတပ်ပေါင်းစု ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးက Burma VJ ကို အတည်ပြုပါတယ်။
ဖားဆောင်းမြို့နယ်ဟာ ကရင်နီပြည်နယ် ဘောလခဲခရိုင်ထဲမှာ ပါဝင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်တဲ့ မယ်စဲ့မြို့ နယ်ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ ၊တောင်ဘက်ခြမ်းမှာ ဖာပွန် မြို့နယ်နဲ့မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ်တွေ ရှိပါတယ်။
ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့အချိန် ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီ(ကယား) ပြည်နယ်အစပ်က မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူအားပြုပြီး မြေပြင်တပ်ဖွဲ့အင်အား ရာချီသုံးပြီး ထိုးစစ်ဆင်လာလို့ တော်လှန်ရေးတပ်တွေ ခက်ခက်ခဲခဲကာကွယ်နေရပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲကျရောက်သွားပြီလို့သတင်းတွေထွက်လာနေတဲ့အတွက် ဒီသတင်းအတည်ပြုနိုင်ဖို့ Burma VJ ကကြိုးစားနေပါတယ်။







Comments