ပတ္တယားရောက် အမေရိကန်စစ်သားနှစ်ယောက်မူးပြီးရန်ဖြစ်တာကြောင့် ကမ်းဆင်းခွင့်ပိတ်ခံရ

ယူဂရင်း/BVJ_စက်တင်ဘာ ၄၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ပတ္တယားမြို့ကို အနားယူဖို့ရောက်နေတဲ့ အမေရိကန်စစ်သည်တွေထဲက နှစ်ယောက်ဟာ ဒီနေ့မနက်အစောပိုင်း ၁း၃၀အချိန်မှာ အရက်မူးပြီးရန်ဖြစ်တာကြောင့် ကမ်းဆင်းခွင့်ပိတ်ခံလိုက်ရပြီး သင်္ဘောပေါ်ပြန်တက်သွားရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
စစ်သည်နှစ်ဦးဟာ ပတ္တယားမြို့ Walking Streeနားကဘားတစ်ခုရဲ့အပြင်ဘက်မှာ ရန်ဖြစ်ခဲ့တာကြောင့် သင်္ဘောပေါ်မှာသာနေထိုင်တော့ဖို့ အမိန့်ပေးခံခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာ ၂ရက်မှာ အမေရိကန်ရေတပ် USS Abraham Lincoln (CVN-72)ဦးဆောင်တဲ့ လေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာ ထိုင်းနိုင်ငံ၊ Laem Chabang (လဲမ်ချဘန်) ဆိပ်ကမ်းကိုဆိုက်ကပ်လာတာဖြစ်ပြီး အဲ့ဒီမှာပါဝင်လာတဲ့စစ်သည်ငါးထောင်ခန့်ဟာ ပတ္တယားမှာ ငါးရက်ကြာအနားယူသွားမှာဖြစ်ပါတယ်။
အခုအရက်မူးရန်ဖြစ်တဲ့ စစ်သည်နှစ်ယောက်ကတော့ အနားယူဖို့ငါးရက်ထဲက ကျန်ရှိတဲ့ရက်တွေကိုသင်္ဘောပေါ်မှာသာကုန်ဆုံးရတော့မှာပါ။
သူတို့နှစ်ဦးရန်ဖြစ်ချိန်မှာ ရန်ပွဲကပိုပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့် ဒေသခံတစ်ဦးက အရေးပေါ်ဝန်ဆောင်မှုဆီကိုဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကိုရောက်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ အသေးစားရန်ဖြစ်မှုတစ်ခုသာဖြစ်ပြီး ရေတပ်သားနှစ်ဦးစလုံး အရက်သေစာသောက်စားထားကြတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ရန်ဖြစ်တဲ့စစ်သည်နှစ်ဦးကို Hard Rock Cafeရှိ အမေရိကန်-ထိုင်း ပူးတွဲစစ်ဆင်ရေးစင်တာကိုခေါ်ဆောင်သွားပြီးနောက်မှာ သင်္ဘောပေါ်ကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပင်လယ်ပြင်မှာ ကိုးလကျော်လောက်ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုရှိနေတဲ့ ရေတပ်သားတွေနဲ့မရိန်းတပ်သားတွေအတွက် စိတ်ဓါတ်ပြန်လည်မြှင့်တင်ပေးဖို့ ပတ္တယားမှာငါးရက်တာအနားယူဖို့ကိုစေလွှတ်ခဲ့တာဖြစ်ပါတယ်။စစ်သည်တွေဟာအနားယူချိန်မှာလည်း သတ်မှတ်ထားတဲ့စည်းကမ်းနဲ့လုံခြုံရေးအတွင်းကပဲ နေထိုင်လှုပ်ရှားရမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်ရင်တော့ ပြစ်မှုပေါ်မူတည်ပြီးအပြစ်ပေးအရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။
Photos-AFP၊Reuters




Comments