ငလျင်ဒဏ်သင့် မင်းကွန်းဒေသကို စစ်ကောင်စီက အကူအညီမပေးဘဲ မီးလောင်တိုက်သွင်းနေ
- BVJ

- Jun 28
- 1 min read
ဖိုးထင်အောင် ၊ မင်းကွန်း၊ ဇွန် ၂၇ ၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် အတိဒုက္ခရောက်နေတဲ့ မင်းကွန်းဒေသက ကျေးရွာတွေကိုအကူအညီပေးမှုမရှိဘဲ မီးလောင်တိုက်သွင်းမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ (ဇွန်လ ၂၇ ရက်) နေ့မှာ မင်းကွန်းဒေသ မြောက်ခြမ်းကကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
"ငလျင်လှုပ်တုန်းက ကူညီမယ့်သူတွေကို ဒီဘက်လာဖို့ခွင့်မပြုဘူး။ သူတို့ကိုယ်တိုင်လည်းမကူဘူး။ အရမ်းဒုက္ခရောက်တယ်။ အခုကျ ရုတ်တရက်ဝင်ပြီးပစ်တာခတ်တာတွေလုပ်ပြီး မီးရှို့တာ။ အကုန်လုံးခါးဝတ်ခါးစားနဲ့ပဲထွက်ပြေးရတော့တာပေါ့"လို့ ကင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းအများအပြားပျက်စီးခဲ့ပြီးအရှုံးပေါ်ခဲ့ချိန်မှာ အခုလို နေအိမ်တွေပါမီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ခက်ခဲမှုတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
လက်ရှိအချိန်မှာ မင်းကွန်းမြသိန်းတန်ဘုရားမြောက်ဖက်ခြမ်းရှိကျေးရွာပေါင်း ၁၀ ရွာထက်မနည်းဟာ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမီးရှို့မှုတွေကြောင့်ဘေးလွတ်ရာကိုထွက်ပြေးနေရတာဖြစ်ပါတယ်။
ကျေးရွာတွေမီးရှို့ဖျက်ဆီးမှုတွေဟာ ဇွန်လ ၂၇ ရက် ည ၈ နာရီကျော်အထိဆက်ရှိနေပြီး မန္တလေးမြို့ဘက်ကမ်းမှ ပစ်ခတ်သော လက်နက်ကြီးသံများကို ညနက်ပိုင်းထိ ကြားနေရပါတယ်။
လက်ရှိအချိန်ထိ အိမ်ခြေပေါင်း ၁၇၂ အိမ်ရှိတဲ့ ကင်းကျေးရွာတစ်ခုလုံးပြာကျခဲ့ရပြီး လူပေါင်း ၇ ဦးထက်မနည်း စစ်ကောင်စီရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကအတည်ပြုပြောဆိုပါတယ်။







Comments