တော်လှန်ရေးသေချာပေါက်အောင်မြင်မယ့်ခံစားချက် မြေပြင်မှာပိုရတယ်လို့ မြေပြင်ရောက်NUGဝန်ကြီး ပြော
- BVJ

- Jun 23, 2025
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၂၃၊ ၂၀၂၅

တော်လှန်ရေးက သေချာပေါက်အောင်မြင်မယ်ဆိုတဲ့ခံစားချက်မျိုးကို အွန်လိုင်းထက်မြေပြင်မှာပိုရတယ်လို့ မြေပြင်ရောက် NUGကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“အခုကျနော်တို့တွေ စိုးမိုးနေတဲ့နယ်မြေက မလေးရှားနိုင်ငံလောက်မကတော့ဘူး ကျယ်နေပြီ။ အဲ့ဒီတော့ အဲ့ဒီဖီလင်မျိုးပေါ့လေ၊ တကယ့်ကိုမြေပြင်စိုးမိုးနေတာ။ အခုကျနော်ဖြတ်သွားလိုက်ရင် လယ်ကွင်းတွေ ခုနကစိုက်ခင်းပျိုးခင်းတွေ၊ မစိုက်တဲ့ မပျိုးတဲ့လယ်ကွင်းမှမရှိတာ၊ မစိုက်တဲ့မပျိုးတဲ့နေရာဒေသမှမရှိတာ။ နောက်မွေးမြူရေးတွေ လုပ်ငန်းတွေလည်း လုပ်နေတယ်။ အဲ့တော့ ပုံမှန်လည်ပတ်နေတဲ့ စိုးမိုးဒေသတခု ရှိနေတယ်။ လေကြောင်းရန်မှအပ ပေါ့နော်။ အဲ့ဒီတော့ ရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးကို ရတယ်။ ဒီမြေ ဒီရေ ဒီဒေသတွေကိုငါတို့တတွေ ပိုင်စိုးနေပါလား၊ ငါတို့တတွေ သွားနိုင်လာနိုင် လုပ်နိုင်ကိုင်နိုင်နေပါလားဆိုတဲ့ အသိနဲ့ဖီလင်ပေါ့ဗျာ ခံစားချက်က မြေပြင်ရောက်တဲ့အချိန်မှာ ရပါတယ်။ နောက်ပြီးတိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါကျလည်း ပိုပြီးတော့ယုံကြည်မှုတွေရတယ်။ ကျနော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးက အရည်အချင်းရှိတယ်။ လက်တွေ့ကျကျလုပ်နေကြတယ်။ အားလုံးလည်း တော်လှန်ရေးကို အောင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့သွားနေကြတယ်ဆိုတာကိုတွေ့နေရတော့ ဒီအားတွေနဲ့ရှိနေတဲ့အင်အားတွေနဲ့ ပေါင်းပြီး တော်လှန်ရေးဟာအောင်မြင်မယ်ဆိုတာ ကျနော်ယုံတယ်ဗျာ” လို့ ဦးခင်မောင်စိုး(The Burma Guardian) က “NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်မေးမြန်းချက်”မှာ ဝန်ကြီးက ပြောတာပါ။
NUGဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာ ပြည်ပကနေ မြန်မာနိုင်ငံအတွင်းပြန်လည်ဝင်ရောက်ပြီး မြေပြင်မှာတာဝန်ထမ်းဆောင်နေပြီးဖြစ်ကြောင်းကို အခုနှစ် ဧပြီ ၂၅ရက်မှာ ဝန်ကြီးက အသိပေးပြီးနောက် မြေပြင်မှာဆေးကုသမှုလုပ်ငန်းတွေနဲ့ လက်ရှိမှာမြေအောက်ဆေးရုံတွေ ဆောက်လုပ်ဖို့လုပ်နေကြောင်းလည်း ထုတ်ပြောထားတာပါ။
အခုလ ၂၁ရက်က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)အသိပေးထုတ်ပြန်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသတနေရာမှာကျင်းပခဲ့တဲ့ BPLA အပတ်စဉ် ၉ စစ်သင်တန်းဆင်းပွဲမှာလည်း ဒေါက်တာဇော်ဝေစိုးအပါအဝင် တအာင်းတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA) တပ်မှူးတစ်ဦး၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)က စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ ကျောင်းသားတပ်မတော် (ABSDF) က ဒုဥက္ကဌတို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။




Comments