top of page

၂၀၂၁ကစပြီးရိုးသားခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

  • Writer: BVJ
    BVJ
  • Feb 4
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၄၊ ၂၀၂၆

မိမိတို့နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစတင်ပြီးရိုးသားတဲ့နိုင်ငံရေးစနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။


၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အရပ်သားအစိုးရဆီကအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတအပါအဝင် ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးထောင်ချထားတဲ့ စစ်အုပ်စုခေါင်းဆောင်က အခုလိုပြောလာတာပါ။


၂၀၂၀မှာ မဲမသမာမှုရှိလို့သာ နိုင်ငံတော်တာဝန်တွေကိုထမ်း‌ဆောင်ခဲ့ရတာဖြစ်ပြီး နိုင်ငံတော်အာဏာအတွက်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့တိုင်းပြည်ကို တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်စေရေး (Evolution ပုံစံ) ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့ မနေ့က ဖေ‌ဖော်ဝါရီ ၃ရက်နေ့မှာ စစ်အုပ်စုရဲ့ ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိတွေနဲ့ သင်တန်းသားအရာရှိတွေကို စစ်ခေါင်းဆောင်က Video Conferencing နဲ့ပြောခဲ့တာပါ။


ဒါ့အပြင် စစ်အုပ်စုကကျင်းပတဲ့ ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ မဲပေးသူ ၅၄ရာခိုင်နှုန်းကျော်ရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းလိုခြင်း၊ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိတာတွေကိုတွေ့ရတာတွေကြောင့် ပြည်သူ့ဆန္ဒကိုလေးစားဖို့နဲ့ ပြည်သူ့လိုလားချက်ကိုမှန်မှန်ကန်ကန်နဲ့ဆောင်ရွက်သွားဖို့ဆိုပြီး စစ်ခေါင်းဆောင်ကပြောခဲ့ပါသေးတယ်။


ပြီးတော့ ရွေးကောက်ပွဲမှာ ကြိုတင်မဲ တစ်သိန်းလေးသောင်းကျော်ပယ်မဲဖြစ်ခဲ့ရသလို ကြိုတင်မဲတွေကိုစနစ်တကျဆောင်ရွက်ထားတာကြောင့် မဲမသမာမှုမဖြစ်နိုင်ဘူးလို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။


ကြိုတင်မဲနဲ့ပတ်သက်ပြီး စစ်အုပ်စုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေက ဝေဖန်ထောက်ပြထားကြပြီး ကြံ့ခိုင်ရေးပါတီကနိုင်တဲ့အများစုဟာလည်း ကြိုတင်မဲကြောင့်ဖြစ်တယ်လို့ ပြောထားကြပါတယ်။


အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မနေ့က ဖေဖော်ဝါရီ ၃ရက်နေ့က နေပြည်တော်မှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့တွေ့ဆုံခဲ့ပြီး လာမယ့် မတ်လတတိယပတ်မှာ လွှတ်တော်အစည်းအဝေးခေါ်ယူမယ့်အကြောင်း ပြောခဲ့ပါသေးတယ်။


ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ မနေ့က ဖေ‌ဖော်ဝါရီ ၃ရက်နေ့မှာပဲ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ကောင်စီရဲ့တာဝန်အနေနဲ့ နိုင်ငံလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုနိုင်ရန်အတွက်ဆိုပြီး ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page