top of page

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့်သက်တမ်းတိုးစောင့်ဆိုင်းနေတဲ့မြန်မာအလုပ်သမားတွေရဲ့ Mobile Bankingတွေ ယာယီပိတ်ခံရ

  • Writer: BVJ
    BVJ
  • Jul 1
  • 1 min read

BVJ/ထက်အောင် _ ဇူလိုင် ၁ ၊ ၂၀၂၅

ree

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုး စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ Mobile Banking (ထိုင်းဘဏ်)အကောင့်တွေ ယာယီဆိုင်းငံ့ခံထားရပြီး သက်တမ်းတိုးပြီးမှသာပြန်လည်ရရှိမယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့သူတွေဆီက သိရပါတယ်။


Mobile Banking အသုံးပြုသူတွေဆီကို ဖုန်းနံပါတ်မှတ်ပုံတင်ဖို့နဲ့ သက်ဆိုင်ရာဘဏ်တွေမှာ ဖုန်းနံပါတ်နဲ့ဘဏ်အကောင့် Updateလုပ်ဆောင်ဖို့ကို ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်မှာ သက်ဆိုင်ရာထိုင်းဘဏ်အသီးသီးက Mobile Banking အသုံးပြုသူတွေဆီ အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက်ပိုင်း ဘဏ်အကောင့်ပိတ်ခံရတာတွေရှိလာတာပါ။


“မနေ့က Mobile Banking ဖွင့်မရတော့ ဘဏ်ကိုသွားတယ်။ ကျွန်မ ထိုင်းစကား နည်းနည်းပြောတတ်တော့ သူတို့ကိုသေချာမေးတော့ Mobile Banking ပြန်ဖွင့်ပေးဖို့အတွက် Work Permit သက်တမ်းရှိဖို့လိုတယ်လို့ပြောတယ်။ လက်ရှိ သက်တမ်းတိုးစောင့်ဆိုင်းနေရတယ် ဆိုတာကိုလည်း သူတို့ကသိပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ Work Permit သက်တမ်းတိုးပြီးမှ Update လုပ်ပေးလို့ရမယ်လို့ပြန်ပြောတယ်”လို့ Mobile banking ယာယီအပိတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်.


လက်ရှိမှာ Mobile bank အသုံးပြုမှုကို ယာယီဆိုင်းငံ့ထားတာသာဖြစ်ပြီး ဘဏ်ငွေလွှဲမှုနဲ့ ငွေသွင်းငွေထုတ်လုပ်ဆောင်မှုတွေကိုတော့ ပုံမှန်အတိုင်းလုပ်ဆောင်လို့ရနေပြီး Mobile banking အပိတ်ခံရတာကြောင့်ဖုန်းကနေတဆင့် အလွယ်တကူလုပ်ဆောင်နိုင်တဲ့ ငွေပေးချေမှုနဲ့ ငွေလွှဲမှုတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ သိရပါတယ်။


“ကျွန်တော့်ဘဏ်အကောင့် နှစ်ခုစလုံး အပိတ်ခံရတယ်။ ကျွန်တော်က ဒီဘဏ်အကောင့်တွေနဲ့ပဲ ငွေလွှဲတာတွေ၊ ငွေပေးချေတာတွေ၊ ရေမီတာ၊ မီးမီတာဆောင်တာတွေကအစ လုပ်ဆောင်နေတာ၊ ကျွန်တော်က နေ့စဉ် မဖြစ်မနေ Mobile Banking သုံးနေတာရတာ၊ ငွေအလွဲအပြောင်း နေ့စဉ်ရှိနေတာဆိုတော့ အခုတော့ အတော်လေးအခက်အခဲဖြစ်သွားတယ်” လို့လည်း ထိုင်းနိုင်ငံတွင်းနေထိုင်တဲ့ မြန်မာတစ်ဦးကလည်း ပြောပါတယ်။


လက်တလော Mobile Bankingယာယီပိတ်ခံရသူတွေဟာ Bangkok Bank နဲ့ Krungthai Bank သုံးစွဲသူတွေဖြစ်တယ်လို့ သိရပြီး အခြားဘဏ်အကောင့်သုံးစွဲသူတွေအနေနဲံ Mobile banking ပိတ်ခံရမှု ရှိ မရှိအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။


လက်ရှိ အလုပ်လုပ်ခွင့်သက်တမ်းတိုး စောင့်ဆိုင်နေသူတွေဟာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့ ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေနဲ့ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) စာအုပ်ကိုင်ဆောင်ထားသူတွေအများစုဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက Work Permit သက်တမ်းကုန်နေသူတွေလည်းဖြစ်ကာ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ သက်တမ်းတိုးလုပ်ငန်းစဉ်ကို စောင့်ဆိုင်းနေကြသူတွေလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page