top of page

ဝေဖန်မှုမြင့်တက်နေတဲ့ CDMဥပဒေနဲ့ပတ်သက်ပြီး NUGရှင်းလင်း

  • Writer: BVJ
    BVJ
  • Jun 18
  • 1 min read

BVJ/မိုနာ_ ဇွန် ၁၈၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်း၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-EPA)
စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်း၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-EPA)

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်ထောင်စုလွှတ်တော်ကပြဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အခုလ ၁၃ ရက်မှာ ကြေညာပြီးနောက်မှာ ဒီဥပဒေနဲ့ပတ်သက်ပြီး တော်လှန်‌ရေးအင်အားစုတွေအပါအဝင် ပြည်သူလူထုကြားမှာ ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်ခဲ့ပါတယ်။


အထူးသဖြင့် CDMမလုပ်ဘဲစစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းလုပ်နေတဲ့Non CDMတွေကို အပြစ်ပေးအရေးယူမယ်ဆိုတဲ့အပေါ် ဝေဖန်ကန့်ကွက်နေကြတာဖြစ်ပြီး ဒါဟာစစ်ကောင်စီက CDMတွေအပေါ် လုပ်တဲ့လုပ်ရပ်နဲ့အတူတူဖြစ်နေတယ်ဆိုတဲ့ သဘောထားကြေညာချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။


ဒီဥပဒေပေါ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ(GSCN)၊ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ စတဲ့အဖွဲ့တွေက ကန့်ကွက်ကြောင်းသဘောထားကြေညာချက်တွေထုတ်ပြန်ပြီးနောက်ပိုင်း CDMဆိုင်ရာဥပဒေဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUGက မနေ့ကညပိုင်းမှာ အသိပေးဖော်ပြလာပါတယ်။


အဲ့ဒီထဲမှာ အချက်၃၀ပါဝင်ပြီး CDMတွေအတွက် ဂုဏ်ပြုချီးမြှောက် အကာအကွယ်ပေးဆောင်ရွက်ဖို့ မူဝါဒ၊ဥပဒေတွေလိုအပ်ကြောင်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလကတည်းက NUGစီဒီအမ်အောင်မြင်ရေးကော်မတီက စတင်ဆွေးနွေးခဲ့ပြီး အဲ့ဒီနောက် CDMကိုယ်စားလှယ်တွေကနေတဆင့်သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းလိုက်၊ ဝန်ကြီးဌာနအလိုက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပြီး ပထမအကြိမ် မူဝါဒအကြမ်းကို ပြုစုခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီနောက်မှာ ပထမအကြိမ်မူကြမ်းကို အကြံပြုချက်တွေထပ်ယူခဲ့ပြီး ဒုတိယအကြိမ်မူကြမ်းကို NUGရဲ့ Inter-Ministerial Meeting(IMM)ဆွေးနွေးတင်ပြခဲ့ပြီး NUGဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေ အကြံပြုချက်ကိုရယူကာ တတိယအကြိမ်မူဝါဒမူကြမ်းကိုဆက်လက် ပြုစုခဲ့ကြောင်းနဲ့ စတုတ္ထမူကြမ်းကို NUCCကဖွဲ့စည်းလိုက်တဲ့ JCC-CDMကိုပေးပို့ပြီး ဆွေးနွေးအကြံပြုချက်တွေရယူခဲ့ပါတယ်။


အဲ့ဒီကနေ အဆင့်ဆင့်သွားကာ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၀ရက်မှာ “NUCC၏ နိုင်ငံ့ဝန်ထမ်း CDMမူဝါဒ”ခေါင်းစဉ်နဲ့ မူဝါဒလေးရပ်ကို ချမှတ်ခဲ့ပြီး အဲ့ဒီထဲမှာ CDMတွေကို ဂုဏ်ပြုချီးမြှင့်ဖို့၊ တရားမျှတမှုရှာဖွေဖို့နဲ့ ပြန်လည်ကုစားဖို့၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့လုပ်ထုံးလုပ်နည်းတွေ ဆက်ရေးဆွဲဖို့၊ Non CDMတွေက လူအခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်ရာဇဝတ်မှုတွေကို ကျူးလွန်တာ သက်သေအထောက်အထားရှာတွေ့ရင် သက်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။


၂၀၂၃ မတ်လ ၂ရက်နေ့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေမူကြမ်းရေးဆွဲရေးကော်မတီကို အဖွဲ့ဝင် ၁၃ဦးနဲ့ဖွဲ့စည်းခဲ့ပြီး အဲ့ဒီကော်မတီကနေ ဥပဒေမူကြမ်းကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၃ရက်မှာ စီဒီအမ်အောင်မြင်ရေးကော်မတီဆီ ပေးပို့ခဲ့ကာ အဆင့်ဆင့်ထပ်မံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကို မတင်ပြမီ ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်ကို ရယူခဲ့ကြောင်း သိရပါတယ်။


၂၀၂၄ခုနှစ် ဇွန်လ ၁၈ရက်မှာ ဥပဒေမူကြမ်းကို အကြံပြုချက်နဲ့သုံးသပ်ချက်ပေးနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့သလို စက်တင်ဘာ ၁၅ရက်မှာ စီဒီအမ်အောင်မြင်ရေးကော်မတီက ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။


၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၀ရက်မှာ ဥပဒေကြမ်းအပေါ် ပထမအကြိမ်ဆွေးနွေးပြီး ၂၀၂၅ မေ ၂၂ရက်မှာ အပြီးသတ်ဆွေးနွေးခဲ့ကြ‌သလို အခုလ ၁၃ရက်မှာ အခန်း(၇)ခန်း၊ ပုဒ်မ (၃၅)ရပ်ပါဝင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဌာန်းခဲ့တာဖြစ်တယ်လို့ NUGရဲ့ သမိုင်းအကျဉ်းဖော်ပြချက်အရသိရပါတယ်။


အားလုံးပါဝင်ဆွေးနွေးထားပြီးမှ ဒီဥပဒေကိုအတည်ပြုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ NUGက ဖော်ပြပေမယ့် ဒီCDMဥပဒေကို ကန့်ကွက်တဲ့အဖွဲ့အစည်း အင်အားစုတွေထဲမှာ NUCCကိုယ်စားလှယ်အဖြစ်ပါဝင်ထားတဲ့အဖွဲ့တွေလည်း ပါဝင်နေပါတယ်။


အခုလို တရားမျှတမှု အခြေမခံတဲ့မူဝါဒထုတ်ပြန်ခြင်း၊ ကြေညာခြင်းတွေဟာ Non-CDMတွေကို စစ်တပ်နဲ့ပိုပူးပေါင်းဖို့တွန်းပေးသလိုဖြစ်ပြီး စစ်အုပ်စုကိုသက်ဆိုးရှည်စေမှာဖြစ်ကြောင်းနဲ့ Non-CDMတွေကိုကြိုဆိုခြင်းဟာ ရန်သူရဲ့ပျော့ကွက်ကိုထိုးနှက်ခြင်းဖြစ်ပြီး ရန်သူနဲ့မတူတဲ့စာနာစိတ်ရှိခြင်းကို ပြသခြင်းလည်းဖြစ်တယ်လို့ GSCNက အခုလ ၁၅ရက်မှာ သဘောထားထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page