စိတ်ကြွဆေးပြား ၈၀၀၀၀ သောင်းနီးပါးကို မဲဆောက်နယ်စပ်ဂိတ်မှာ ဖမ်းဆီးရမိ
- BVJ

- Jun 14, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၁၄ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မဲဆောက်နယ်စပ်ဖြတ်သန်းဂိတ်မှာ စိတ်ကြွဆေးပြား ၇၉၇၅၂ ခုကို ဒီနေ့ ဇွန် ၁၄ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ကိုလည်း ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်ကိုဖြတ်သန်းလာတဲ့ ကုန်တင်ကားငယ်ကို စစ်ဆေးချိန် စိတ်ကြွဆေးပြား ၈၀၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပြီး မဲဆောက်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့အစည်းတွေက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
တိုယိုတာ DYNA ကုန်တင်ကားနောက်ခန်းမှာတင်လာတဲ့ စက္ကူပုံးတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးချိန် ပလတ်စတစ်စအိပ်ပျော့တွေနဲ့ထုပ်ပိုးထားတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အထုပ်ငယ်လေးတွေကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၅၀ အရွယ် မြန်မာနိုင်ငံသားကို မဲဆောက်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက စစ်ဆေးနေချိန် စိတ်ကြွဆေးပြားတွေကို ထိုင်းဘက်ခြမ်းမှာ လက်ခံရယူမယ့်သူက ဖုန်းဆက်သွယ်ပြီး မဲဆောက်နယ်စပ်ဂိတ်ကို ရောက်ရှိလာတာကြောင့် မဲဆောက်အာဏာပိုင်တွေက ထပ်မံစောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
မြန်မာဘက်ခြမ်းက ကုန်တင်ကားငယ်နဲ့သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းဘက်ခြမ်းမှာ လက်ခံရယူတဲ့ ထိုင်းနိုင်ငံသားတို့ကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို တာဝန်ရှိသူတွေက လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။




Comments