ဘင်္ဂလားဒေ့ရှ်က ကျွဲဖြူကြီးဒေါ်နယ်ထရမ့်ကို ဘေးမဲ့ပေးပြီးတိရစ္ဆာန်ရုံထဲပို့
- BVJ

- May 29
- 1 min read
အီးကေ/BVJ

“ဒေါ်နယ်ထရမ့်” လို့အမည်ပြောင်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှားပါးအယ်လ်ဘီနိုကျွဲဖြူတစ်ကောင်ဟာ အစိုးရရရဲ့ဝင်ရောက်ဟန့်တားမှုကြောင့် အိဒ်အယ်လ်အာဒ်ဟာ (Eid al-Adha)ပွဲတော်မှာ ယဇ်ပူဇော်ခံရမယ့်ဘေးကနေ လွတ်မြောက်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအရာရှိတစ်ဦးက အတည်ပြုပါတယ်။
အလေးချိန် ကီလိုဂရမ် ၇၀၀ နီးပါး (၁,၅၄၃ ပေါင်)ရှိတဲ့အဲ့ဒီကျွဲဖြူကြီးကို ဘာသာရေးထုံးစံအရ သတ်ဖြတ်ဖို့ရောင်းချပြီးခါမှ၊ ကြာသပတေးနေ့ပွဲတော်မတိုင်မီ လူတွေအကြားစိတ်ဝင်စားမှုအရမ်းမြင့်တက်လာတာကြောင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုအကြောင်းပြပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကကြားဝင်တားမြစ်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်ဒ် (Salahuddin Ahmed)က အဲ့ဒီကျွဲကိုမသတ်ဖို့၊ ဝယ်ယူသူကိုငွေပြန်အမ်းဖို့နဲ့ ကျွဲဖြူကြီးကို ဒါကာမြို့ အမျိုးသားတိရစ္ဆာန်ဥယျာဉ်ကိုရွှေ့ပြောင်းထားဖို့အမိန့်ပေးခဲ့ပါတယ်။

“လုံခြုံရေးစိုးရိမ်ရတာရယ်၊ ပြည်သူတွေရဲ့ထူးထူးခြားခြားစိတ်ဝင်စားမှုတွေကြောင့် နောက်ဆုံးမိနစ်ကျမှ ဒီကျွဲကိုယဇ်မပူဇော်ဘဲချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ကျွဲဖြူကြီးရဲ့ ဇာတ်လမ်းအစက ပုံမှန်အတိုင်းအခြားကျွဲနွားတွေလိုပဲ အိဒ်ပွဲတော်အတွက်ဝယ်ယူမှုတစ်ခုကနေစတင်ခဲ့ပေမယ့် သာမန်ကျွဲတွေနဲ့မတူတဲ့ သူ့ပုံစံနဲ့ အမေရိကန်သမ္မတဒေါ်ထရမ့်လို့ နာမည်ပြောင်ပေးထားတာကြောင့် သူ့ ဗီဒီယိုတွေဟာ လူမှုကွန်ရက်မှာပျံ့နှံ့သွားပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

ရွှေရောင်အမွှေးအဆုပ်နဲ့တည်ငြိမ်လှတဲ့သူ့အမူအရာကိုမြင်တွေ့နိုင်ဖို့ ဝေးလံတဲ့ဒေသတွေကနေ လူတွေအများကြီးမွေးမြူရေးခြံထဲမှာလာကြည့်ကြပါတယ်။အဲ့ဒီကျွဲနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် သူ့ရဲ့ ညီကထရမ့်လို့နာမည်ပြောင်ပေးခဲ့တာဖြစ်ကြောင်း ကျွဲခြံပိုင်ရှင် ဇီယာအူဒင် မြီဓာ (Ziauddin Mridha)ကပြောပါတယ်။ ဒါ့အပြင် ကျွဲဖြူကြီးဟာပုံမှန်ထက်ပိုယဉ်ပါးပြီး မကြာခဏအစာကျွေးခြင်း၊ပုံမှန်ရေချိုးပေးခြင်း အပါအဝင် ဂရုတစိုက်ပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်လို့ သူကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျွဲနွားအများစုထဲမှာ အခုလိုအယ်လ်ဘီနိုကျွဲဖြူမျိုးက အလွန်ရှားပါးတဲ့အတွက် အိဒ်ပွဲတော်ကျွဲနွားအရောင်းအဝယ်လုပ်တဲ့အချိန်မှာ အရမ်းထင်ပေါ်ကျော်ကြားသွားတာဖြစ်ပါတယ်။ ဒါပေမယ့်သူ့အသက်ကို တကယ်ကင်တင်ပေးလိုက်တာက “ဒေါ်နယ်ထရမ့်”ဆိုတဲ့အမည်ပြောင်ကြောင့်လို့ ယူဆလို့ရနိုင်ပါတယ်။




Comments