ကန့်ဒေါင့်ရဲစခန်းကို အောင်မြင်စွာသိမ်းပိုက်ရရှိပြီလို့ PLAကြေညာ
- BVJ

- Jun 22
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၁၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၆း၄၀အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက အခုနေ့လယ်မှာ အသိပေးကြေညာပါတယ်။
ကန်ဒေါင့်ရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုနဲ့အတူတကွပူးပေါင်းပြီး ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်ရင့် မဆုတ်မနစ် ဇွဲလုံ့လဝိရိယတွေ၊ပေးဆပ်စွန့်လွှတ်မှုများနဲ့ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ PLAက ဖော်ပြထားပါတယ်။
“တိုက်ပွဲက ဇွန် ၂ရက်နေ့မှာစတာဆိုတော့ ၁၈ရက်ကြာသွားတယ်။ အဲ့ဒီအတွင်းမှာ ဇွဲလုံ့လအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့လို့ ဒီနေ့မှာအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ လေကြောင်းဗုံးကြဲမှုကတော့ နေ့စဉ်နဲ့အမျှရှိတယ်။ ဒီနေ့လည်းလာကြဲတာရှိတယ်”လို့ PLAအထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Burma VJကို ပြောပါတယ်။
ရန်သူ့ဘက်ကကျဆုံးစာရင်း၊ သိမ်းဆည်းရရှိတဲ့လက်နက်စာရင်းနဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ အသေးစိတ်စာရင်းတွေကိုလည်း နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ဇွန်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ PLAနဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီး၊ စစ်ကူအင်အားအများအပြားနဲ့ ခုခံခဲ့ပါတယ်။
အခုလ ၁၀ရက်မှာတော့ စစ်ကောင်စီတပ်ရဲ့လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပါသေးတယ်။
ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျောင်းသားတပ်မတော်က ရဲဘော် (၃)ဦးလည်း အခုလ ၁၇ရက်ကကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၊ အမှတ် ၃ စစ်ကြောင်း (ABSDF Column -3) က ဒီနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။







Comments