ဒေသတွင်းဖမ်းဆီးရရှိတဲ့ ကျပ် ၁၀ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို BGF မီးရှို့ဖျက်ဆီး
- BVJ

- Jun 27
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၆ ၊ ၂၀၂၅

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ဒေသထဲမှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဒီနေ့ ဇွန် ၂၆ ရက်မှာ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုအတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးသိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဆေးခြောက်၊ ICE ၊ WY မြင်းဆေး၊ ဘိန်းဖြူ၊ ဘိန်းမဲနဲ့ ခါခူးတို့လည်း ပါဝင်ကာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်း (၁၀ ဘီလျံ) ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားတွေ မူးယစ်ဆေးဝါး မသုံးစွဲကြဖို့နဲ့ မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်တင်ထုတ်လုပ်မှုတွေရှိနေကြောင်းနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပြီး ရွှေကုက္ကိုလ်ဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်အောင်လုပ်ဆောင်နေတာ ၅ နှစ်ခန့်ရှိနေပြီဖြစ်တယ်လို့ BGF တပ်မဟာ ၃ တပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ် စောမာင်ဝင်းက ပြောဆိုထားကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နဲ့ လူကုန်ကူးခံရမှု အခြေအနေတွေနဲ့ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် မူးယစ်ဆေးဝါးကိစ္စ တိုက်ဖျက်ရေးကိစ္စရပ်တွေကို ထည့်သွင်းပြောဆိုခဲ့ပြီး BGF ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်အောင် လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။







Comments