အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီး CDM ဆရာမတစ်ဦး သွေးကြောပေါက်သေဆုံး
- BVJ

- Jun 14
- 1 min read
BVJ/ဇော်_ဇွန် ၁၄ ၊ ၂၀၂၅

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသခွင့် အလုံအလောက်မရရှိခဲ့တာကြောင့် ကျောင်းအုပ်ဆရာမကြီး နိုင်ငံရေးအကျဉ်းသူတစ်ဦး သွေးကြောပေါက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံခဲ့ရတဲ့ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ မတရား တရားစွဲဆိုခဲ့ပြီး အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးမခံရချိန်ကတည်းက တီဘီရောဂါအခံရှိပြီး ထောင်တွင်းဆေးဝါးကုသမှု အလုံအလောက်မရရှိခဲ့တာကြောင့် ရောဂါပြင်းထန်လာချိန် ပြင်ပဆေးရုံမှာ ဆေးဝါးကုသမှုခံယူဖို့ တောင်းဆိုခဲ့ပေမဲ့မရရှိခဲ့ဘဲ ထောင်တွင်းဆေးရု့မှာ ဆေးပြင်းတွေ သွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလ ၇ ရက်မှာ သွေးကြောပေါက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
“…. ဒီနှစ်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးမှု များခဲ့တဲ့ထောင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ထောင်အာဏာပိုင်တွေရဲ့ လိုအပ်ချက်တွေဖြစ်နေတဲ့အပြင် ထောင်တွင်းဆေးဝါးလုံလောက်မှုကောင်းစွာမရတာကြောင့် သေဆုံးတာတွေပိုပြီးတော့များနေတယ်”လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးကလည်း Burma VJ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲအခြေအနေကြောင့် အိုးဘိုအကျဉ်းထောင်တွင်း ဆေးဝါးပြတ်လပ်မှုတွေရှိနေသလို ထောင်အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုအမှားတွေရှိနေတာကြောင့် သေချာစောင့်ကြည့်ဖို့လိုအပ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ လိုအပ်ချက် အားနည်းချက်တွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကိုသိုက်ထွန်းက ပြောပါတယ်။
CDM ကျောင်းအုပ်ဆရာမကြီး သွေးကြောပေါက်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တီဘီရောဂါခံစားနေရချိန် ဆေးပြင်းတွေကြောင့် အစာအိမ်သွေးကြောပေါက် သေဆုံးနိုင်တာမျိုးဖြစ်နိုင်တယ်လို့လည်း CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
အခုနှစ်အတွင်းမှာ အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အရေအတွက် စုစုပေါင်း ၁၁ ဦးရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ဆေးဝါးကုသမှုအလုံအလောက်မရရှိခဲ့တာကြောင့် ၂၂ ဦး သေဆုံးခဲ့သေးတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။







Comments