top of page

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရန် ဆုံးဖြတ်၊ ILO အရေးယူမှုကြောင့် စစ်ကောင်စီအထိနာနိုင်

  • Writer: BVJ
    BVJ
  • Jun 5, 2025
  • 1 min read

BVJ/Moore _ ဇွန် ၅ ၊ ၂၀၂၅



ဒီနေ့ ဇွန် ၅ ရက်မှာကျင်းပတဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) မှာ စစ်ကောင်စီကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ပြဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ကန့်ကွက်သူမရှိဘဲ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။


မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာကြောင့် ILO ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပြီး မလိုက်နာပါက ပုဒ်မ ၃၃ အရ အရေးယူနိုင်တာလည်း ဖြစ်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေနဲ့အတူ စစ်မှုထမ်းဥပဒေကြောင့် သတ်မှတ်ချက်နဲ့အကျုံးဝင်သူတွေကို ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ခွင့် စစ်ကောင်စီက ပိတ်ပင်ထားသလို နိုင်ငံတွင်း အဓမ္မစစ်မှုထမ်းခိုင်းစေတာ၊ အလုပ်သမားအသင်းအဖွဲ့ ဖွဲ့စည်းတာ၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီကို အရေးယူဖို့ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၆ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာ အတည်ပြုခဲ့ပြီးနောက် ဒီနေ့ ဇွန် ၅ ရက်မှာ ပြုလုပ်တဲ့ ILO ညီလာခံမှာ အရေးယူဖို့ ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။


ILO ပုဒ်မ ၃၃ အရ အရေးယူခံရပါက ကုလသမဂ္ဂ အေဂျင်စီများကနေ ထောက်ပံ့တဲ့ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစတာတွေကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာ၊ ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူခြင်းတို့ လုပ်ဆောင်သွားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း သူ့ရဲ့လူမှုကွန်ရက် (Facebook) မှာ ၂၀၂၄ နိုဝင်ဘာလက ရေးသားထားပါသေးတယ်။


ILO ပုဒ်မ ၃၃ နဲ့ အရေးယူခံရပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေ ပြန်လည်ထွက်ခွာသွားနိုင်သလို နိုင်ငံတကာလုပ်ငန်းရှင်အသစ်တွေလည်း လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါ့အပြင် ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းမှုအချို့ ရပ်တန့်သွားနိုင်သလို စစ်ကောင်စီအတွက် ငွေကြေးနဲ့ သံတမန်ရေးမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။


အခုတစ်ကြိမ် မြန်မာနိုင်ငံကို ILO ပုဒ်မ ၃၃ နဲ့ အရေးယူတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်က ပထမတစ်ကြိမ် ILO ပုဒ်မ ၃၃ နဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ILO ပုဒ်မ ၃၃ နဲ့ အရေးယူခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ၂၀၂၃ ခုနှစ်က ဘီလာရုစ် နှစ်နိုင်ငံပဲ ရှိပါသေးတယ်။


ပုံစာ - ၂၀၂၅ ဇွန် ၅ ရက်မှာ ကျင်းပတဲ့ ၁၁၃ ကြိမ်မြောက် ILO ညီလာခံကို တွေ့ရစဉ် (Photo: ITUC-Asia Pacific)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page