ပါချုပ်ဆရာတော်ရဲ့မေတ္တာနန္ဒဆေးရုံ လေကြောင်းဗုံးကြဲခံရပြီး ကလေးမီးဖွားမယ့်အမျိုးသမီးတစ်ဦး သေဆုံး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရ
- BVJ

- Jun 23
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၃ ၊ ၂၀၂၅

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးမီးဖွးဖို့လာတဲ့အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မေတ္တာနန္ဒဆေးရုံ အဆောက်အအုံကို စစ်ကောင်စီက မနေ့က ဇွန် ၂၂ ရက် ည ၁၁နာရီဝန်းကျင်မှာ ပေါင် ၃၀၀ ဗုံးကြဲချတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံမှာ မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲရွာကနေ ကလေးမီးဖွားဖို့ရောက်လာတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလေကြောင်းဗုံးကြဲခံရတဲ့ မေတ္တာနန္ဒဆေးရုံဟာ စဉ့်ကူး-မတ္တရာမြို့နယ်အစပ် ယက္ကန်းစင်တောင်တော်နဲ့ မနီးမဝေးမှာရှိနေတာဖြစ်ပြီး ပါမောက္ခချုပ်ဆရာတော် နန္ဒမာလာဘိဝံသ ဦးစီးဆောက်လုပ်ထားတဲ့ ဆေးရုံတစ်ခုလည်းဖြစ်ပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆေးရုံတက်ရောက်နေတဲ့ လူနာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆေးရုံသားဖွားမီးယပ်အဆောင်အပါအဝင် အဆောက်အအုံ သုံးခုလုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ပါချုပ်ဆရာတော်ဦးစီးဆောက်လုပ်ခဲ့တဲ့ ဆေးရုံဟာ အရေးပေါ်လူနာတွေသာမက မျက်စိ၊ သွားခံတွင်းနဲ့ အထွေထွေရောဂါတွေပါ ကုသဆောင်ရွက်နိုင်တာကြောင့် စဉ့်ကူး၊ မတ္တရာနဲ့ အနီးဝန်းကျင်ဒေသတွေက ပြည်သူတွေက လာရောက်ကုသမှုတွေ အများဆုံးလုပ်ဆောင်ကြတယ်လို့ သိရပါတယ်။
အခု ဇွန် ၂၀ ရက်နေ့ကတည်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအနီး သစ်တောရုံးဝင်းက အဆောက်အအုံ နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

















Comments