မလေးရှားကပြန်ပို့ခံရတဲ့သူတွေ အဓမ္မစစ်သားစုဆောင်းရေးကွန်ရက်ရဲ့သားကောင်တွေဖြစ်လာမှာကို စိုးရိမ်မှုများရှိနေ

အေတီ

မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ မကောင်းသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သတိပေးနေတဲ့ကြားထဲကပဲ မလေးရှားနိုင်ငံကနေ ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ရောက်လာတဲ့ ပထမအသုတ်မှာတော့ အမျိုးသားတွေ အများစုပါဝင်ပြီး ကလေး ၂၇ ဦးနဲ့ အမျိုးသမီး ၇၉ ဦး ပါဝင်ပါတယ်။ အဆိုပါ လူ ၁,၄၇၆ ဦးဟာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ့် စုစုပေါင်း လူဦးရေ ၅,၀၀၀ ခန့်အနက်က ပထမအသုတ် ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သူတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦးထဲက အဆင့်လိုက် ပြန်လည်ပိုဆောင်မယ့် မြန်မာနိုင်ငံသား ၅,၀၀၀ ဦးအထဲမှာ အခု ပြန်လည် ရောက်ရှိလာသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေအားလုံးဟာ ၎င်းတို့ရဲ့ ဆန္ဒအလျောက် အမိနိုင်ငံကို ပြန်ဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ မလေးရှားဘက်က အခိုင်အမာ ပြောဆိုနေပေမဲ့ မြန်မာဒုက္ခသည်တွေမှာ ရွေးချယ်စရာ အလွန်နည်းပါးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ထောက်ပြပြောဆိုနေကြပြီး၊ လက်ရှိအခြေအနေအရ ပြန်သွားဖို့ဆိုတာ လုံခြုံမှုမရှိသေးကြောင်း သတိပေးထားပါတယ်။
ပြန်လာမယ့် ဆုံးဖြတ်ချက်ဟာ "လွတ်လပ်စွာနဲ့ အသိဉာဏ်နဲ့အညီ တကယ်တမ်း ချမှတ်ခဲ့တာ ဟုတ်၊ မဟုတ်" ဆိုတာကို အတည်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခွင့်ကို ၎င်းတို့ရဲ့ ဝန်ထမ်းတွေကို ခွင့်မပြုခဲ့ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံအနေနဲ့ လူဝင်မှုကြီးကြပ်ရေးကို စီမံခန့်ခွဲပိုင်ခွင့် ရှိပေမဲ့ ပြန်ပို့ခံရသူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဦးစားပေးရမယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့ FED အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က BVJ ကို အခုလို ပြောပါတယ်။
"မလေးရှားက ဆန္ဒအလျောက် ပြန်တာလို့ ပြောထားပေမဲ့ ထိန်းသိမ်းရေးစခန်းထဲက လူတွေ အမှန်တကယ် လွတ်လပ်စွာ၊ သတင်းအချက်အလက် ပြည့်စုံစွာ ဆုံးဖြတ်ခဲ့ကြရဲ့လားဆိုတာကို UNHCR က စစ်ဆေးခွင့် မရခဲ့ပါဘူး။ ဒါကြောင့် မလေးရှားအာဏာပိုင်တွေအနေနဲ့ UNHCR ကို တစ်ဦးချင်းစီရဲ့ အကာအကွယ်လိုအပ်မှုနဲ့ အန္တရာယ်ကို လွတ်လပ်စွာ စိစစ်ခွင့်ပေးပြီး အန္တရာယ်ကြုံနိုင်သူတွေကို မပြန်ပို့ဖို့ တိုက်တွန်းပါတယ်" လို့ ဦးထူးချစ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပြီး ပြန်လည်ရောက်ရှိလာသူတွေ အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းစေခံရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ယခု ပြန်လည်ပို့ဆောင်မှုကို ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
"နိုင်ငံတကာ ဥပဒေအရ မလေးရှားနိုင်ငံအစိုးရအနေနဲ့ ဒုက္ခသည်များကို အတင်းအကျပ် နှင်ထုတ်ခြင်းမပြုရေးမူ (non-refoulement) ကို လိုက်နာစောင့်ထိန်းဖို့ တာဝန်ရှိပြီး လူတစ်ဦးချင်းစီအနေနဲ့ ဖိနှိပ်ညှဉ်းပန်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အခြားသော ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေဆီကို ပြန်မရောက်သွားအောင် ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်" လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကယ်လီ အီး ကာရီ (Kelley E. Currie) က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။ ပြီးတော့ "မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေတွေအရ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခံရမယ်ဆိုရင် အဲဒီသူတွေအတွက် အန္တရာယ် အလွန်တရာ ကြီးမားနေပါတယ်" လို့လည်း သူမက ဆိုပါတယ်။
စစ်အုပ်စုဘက်ကတော့ မလေးရှားက ပြန်ခေါ်လာတဲ့သူတွေကို စိစစ်မှုတွေပြုလုပ်ပြီး အသုတ်လိုက် ပြန်လွှတ်ပေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မလေးရှားက ပြန်ပို့လိုက်တဲ့ လူတစ်ထောင် ကျော်ကို ရန်ကုန်က လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ ဒေါပုံ၊ မရမ်းကုန်း MCC စတဲ့နေရာ ၁၄ ခုမှာ ယာယီနေရာချထားတယ်လို့ သိရပါတယ်။ အဲဒီထဲက လူအချို့ကို မွန်နဲ့ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အာဏာပိုင်တွေဆီ ပြန်လွှဲပို့ဆောင်ပေးတာတွေ သတင်းထုတ်ပြန်ထားတာ တွေ့ရပေမဲ့ ကျန်တဲ့သူတွေအားလုံး မိသားစုဆီ ပြန်ပို့လိုက်ပြီလားဆိုတာကတော့ အခုအချိန်ထိ သေသေချာချာ မသိရသေးပါဘူး။
လှိုင်သာယာမြို့နယ်မှာ ယာယီထိန်းသိမ်းခံထားရသူတွေအနက် အများစုက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှ ပြန်လည်ရောက်ရှိလာကြသူတွေဖြစ်ပြီး အဲဒီထဲက ရခိုင်တိုင်းရင်းသားတွေဟာ မိသားစုဝင်တွေနဲ့ လူချင်းတွေ့ဆုံခွင့် မရသေးတဲ့အပြင် ဖုန်းနဲ့ ဆက်သွယ်ခွင့်လည်း မရရှိကြတဲ့အတွက် အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေက မီဒီယာတွေကို ပြောဆိုထားကြပါတယ်။

မိသားစုဝင်တွေအနေနဲ့လည်း မိမိတို့ချစ်ရတဲ့သူတွေ မြန်မာပြည်ကို ပြန်ရောက်လာလို့ ဝမ်းသာရပေမဲ့ တစ်ဖက်မှာလည်း အတင်းအဓမ္မ စစ်တပ်ထဲ သွပ်သွင်းခံရမှာကို အလွန်အမင်း စိုးရိမ်နေကြပါတယ်။ လက်တွေ့မှာလည်း အာဏာသိမ်းစစ်တပ်က တစ်လကို စစ်သားသစ် ၅,၀၀၀ စုဆောင်းမယ်လို့ ရည်မှန်းထားပြီး အရေအတွက် မပြည့်တဲ့အတွက် လမ်းပေါ်မှာ ပေါ်တာဆွဲတာတွေ၊ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ပေါ်တက် အတင်းဖမ်းဆီးခေါ်ဆောင်တာတွေ မြေပြင်မှာ တကယ်ရှိနေတယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
မလေးရှားက ပြန်လာတဲ့သူတွေ မိသားစုဝင်တွေနဲ့ တကယ်ပဲ ပြန်လည်ပေါင်းစည်းခွင့်ရမလား၊ ဒါမှမဟုတ် စစ်တပ်ထဲ အတင်းအဓမ္မ စစ်မှုထမ်း ဆင့်ခေါ်ခံရမလားဆိုတာကို လက်တွေ့စောင့်ကြည့်နိုင်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း ယန္တရားတစ်ခုခု မြန်မာပြည်ထဲမှာ မရှိနေတဲ့အတွက် ဘယ်သူမှ သေသေချာချာ အတည်မပြုနိုင်ပါဘူး။ အာဏာသိမ်း စစ်တပ်ဘက်ကတော့ မလေးရှားက ပြန်ရောက်လာတဲ့သူတွေကို သက်ဆိုင်ရာနယ်မြေတွေဆီ အသုပ်လိုက် ပြန်ပို့ပေးနေတယ်လို့ ပြောနေပေမဲ့ အတင်းအဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့အထဲ ပါ၊ မပါကို အတည်ပြုဖို့ ခက်ခဲပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့မှာ စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဦးထူးချစ်က ထပ်လောင်းပြောပါတယ်။
"အတင်းအဓမ္မ ခေါ်ယူမှု၊ ဖမ်းဆီးမှုနဲ့ စစ်သားစုဆောင်းမှုဆိုင်ရာ သတင်းတွေ ဆက်လက် ကြားနေရပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ လူငယ်တွေ၊ အထူးသဖြင့် စစ်မှုထမ်း အသက်အရွယ် ရောက်နေသူတွေဟာ အဲဒီအန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြန်ပို့ခံရသူအားလုံး အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခံရမယ်လို့တော့ အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ အန္တရာယ်ရှိနိုင်ခြေကို လျစ်လျူရှုလို့ မရပါဘူး။ သူတို့ရဲ့ အခြေအနေကို လွတ်လပ်တဲ့အဖွဲ့တွေက စောင့်ကြည့်နိုင်ဖို့၊ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ရဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့က အလွန်တရာ အရေးကြီးပါတယ်" လို့ သူက ဆိုပါတယ်။
မလေးရှားကနေပဲ ဖြစ်ဖြစ်၊ ဘယ်နေရာကပဲ ပြန်ပို့တာဖြစ်ဖြစ် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာကြသူတွေဟာ စစ်သားသစ်စုဆောင်းမှုအတွက် ပစ်မှတ်ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေတာကတော့ သေချာနေပါတယ်။ ထိုင်းနိုင်ငံဘက်က ပြန်ပို့ခံရသူအချို့ကိုလည်း စစ်တပ်ထဲ အတင်းအကျပ် ထည့်သွင်းခံရတယ်ဆိုတဲ့ သတင်းတွေကို သတင်းဌာနတချို့မှာ ဖော်ပြခဲ့ကြတာ ရှိပါတယ်။ ဒါကြောင့် အတင်းအဓမ္မ ခေါ်ယူခံရနိုင်သူတွေကို ကြိုတင်ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စနစ်တကျ စောင့်ကြည့်လေ့လာပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားသင့်ကြောင်း ဦးထူးချစ်က တိုက်တွန်း ထားပါတယ်။

မလေးရှားနိုင်ငံမှာ UNHCR မှာ စာရင်းသွင်းထားကြတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့် ရှိနေပြီး၊ ယင်းတို့အထဲမှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒုက္ခသည်အသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့်လည်း ပါဝင်နေပါတယ်။ ဒုက္ခသည်များကို လက်ခံထားသော်လည်း မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကို လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ဒုက္ခသည် များကို စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင် သူများအဖြစ်သာ ဆက်ဆံလေ့ရှိပါတယ်။
ဧပြီလက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသွားလာရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ယခုလ ၇ ရက်နဲ့ ၈ ရက်တွေမှာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ရှိနေကြောင်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း မြန်မာစစ်ခေါင်းဆောင်ကို ကော်ဇော်နီခင်းပြီး ကြိုဆိုမယ်လို့ ပြောထားတာ ရှိတဲ့အတွက် မြန်မာပြည်က ရွှေ့ပြောင်းလုပ်သားတွေကို ပြန်ပို့ချင်နေတဲ့ မလေးဝန်ကြီးချုပ် အန်နဝါနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု အသည်းအသန် လိုချင်နေတဲ့ မင်းအောင်လှိုင်တို့ နှစ်ဦးကြားမှာ မြန်မာရွှေ့ပြောင်းလုပ်သားအရေးနဲ့ မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု တစ်စုံတစ်ရာရှိလာမှာ သေချာပါတယ်။
ဒါကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်တွေကို ဆက်လက် ပြန်ပို့မယ့်ကိစ္စတွေကို ဆက်တိုက် မြင်တွေ့လာရဖို့ ရှိနေသလို၊ စစ်သားသစ်တွေ အသည်းအသန် လိုအပ်နေတဲ့ မြန်မာစစ်တပ်က အဲဒီပြန်လာတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ အတင်းအကျပ် ဆက်လက် သွပ်သွင်းမလဲဆိုတာကလည်း ဆက်ပြီး စောင့်ကြည့်ရမယ့် ကိစ္စတစ်ခု ဖြစ်လာမှာ သေချာပါတယ်။




Comments