မကွေးတိုင်း တောင်တွင်းကြီးမှာ ၄.၇ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်
- BVJ
- Apr 24
- 1 min read
ထန်းတပင်မှာ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ဖော်ပြထားပေမဲ့ နေရာအတိအကျကို မဖော်ပြထား
BVJ_ဧပြီ ၁၄ ၊ ၂၀၂၅

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ဆတ်သွားရွာအနီးမှာ ဒီနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်း ၂ နာရီခွဲဝန်းကျင်က ရစ်ချ်စကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပေါင်း ၁၃၀ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။
ဒီနေ့ မနက်အစောပိုင်း ၂ နာရီ ၃၂ မိနစ်မှာ တောင်တွင်းကြီးမြို့နယ် အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ ဆတ်သွားရွာအနီးမှာ အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒသုတေသနဌာန (USGS) နဲ့ မြေငလျင်သတင်းစင်တာတို့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မကွေးတိုင်း အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာမှာ ရစ်ချ်စကေး အင်အား ၅.၀ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်း ၈ နာရီ ၂၄ မိနစ်ကလည်း အင်အား ၃.၈ အဆင့်ရှိ ငလျင်တစ်ခု ထန်းတပင်မြို့နယ် အရှေ့တောင်ဘက် ၄၉ မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖော်ပြထားပေမဲ့ ပြည်နယ်၊ တိုင်း တည်နေရာအတိအကျကို ထည့်သွင်းဖော်ပြထားတာမျိုး မရှိပါဘူး။
မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်မှုနောက်ပိုင်း ဒီနေ့ ဧပြီ ၁၄ ရက် မနက် ၁၁ နာရီအထိ ၁၈ ရက်အတွင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပေါင်း ၁၃၂ ကြိမ်အထိရှိခဲ့ပြီး ရစ်ချ်စကေး ၂.၈ ကနေ ၅.၅ အဆင့်ထိ လှုပ်ခတ်ခဲ့တာကြောင့် ငလျင်ပြင်းပြင်းထန်ထန် ထပ်မံလှုပ်ခတ်မှာကို ပြည်သူတွေက စိုးရိမ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ပတ်ကျော်အတွင်း သေဆုံးခဲ့သူ ၃၆၀၀ ကျော်အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော်အထိရှိခဲ့ကာ ပျောက်ဆုံးနေသူ ၁၄၀ ကျော်အထိရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
Comments