မာဒူရိုနေရာ အစားထိုးဖို့ မာရီယာ မာချာဒို ကို ထရမ့်က ဘာ့ကြောင့် မရွေးချယ်ခဲ့တာလဲ
- BVJ

- Jan 7
- 2 min read

အေတီ
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အတိုက် အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို က ကျေးဇူးတင်စကား ပြောခဲ့သလို “လူသား မျိုးနွယ်အတွက်၊လွတ်လပ်မှုအတွက် ကြီးမားတဲ့ ခြေလှမ်း” တစ်ခုလို့ တောင် ချီးကျူးခဲ့ပါတယ်။
ဒါပေမယ့် သူ ကျေးဇူးတင်စကားပြော ချီးကျူးနေတဲ့ ဒေါ်နယ်ထရမ့်က အသိအမှတ်မပြုတဲ့ သဘောမျိုး ခပ်ဖယ်ဖယ် လုပ်ဆောင်နေတာ မာဒူရိုတို့ လင်မယား ကို ဗင်နီဇွဲလားနိုင်ငံထဲက ဝင်ဖမ်းပြီးနောက် နာရီပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရ ပါတယ်။
ဗင်နီဇွဲလား အာဏာရှင် မာဒူရို ကို ဖမ်းရတဲ့အကြောင်းအရင်း ၊ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ နယူး ယောက်မှာ တရားစွဲဖို့ စီစဥ်ထားတဲ့အကြောင်းတွေ ကို တစ်နာရီနီးပါးကြာပြုလုပ်ခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေ ပူးပေါင်းဆောင်ရွက်နေမှု အဆုံးသတ်လိုကြောင်း၊ အမေရိကန်ကုမ္ပဏီတွေက ဗင်နီဇွဲလားရဲ့ ကြီးမားတဲ့ ရေနံသိုက်ကြီးတွေ ကို ထိန်းချုပ် မှာဖြစ်ကြောင်းဆိုတာတွေလဲ အထက်ပါ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့စကားတွေထဲမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံး တစ်လုံးမှမပါပါဘူး။
ဗင်နီဇွဲလားနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်နေခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေ လွတ်လပ်စွာပြောဆိုခွင့်တွေဟာလည်း အကြမ်းဖက် နှိမ်နင်းခံခဲ့ရပြီး တရားရုံးတွေနဲ့ ဥပဒေပြုလွှတ်တော်တွေမှာလည်း လွတ်လွတ်လပ်လပ်လုပ် ပိုင်ခွင့်မရှိပါဘူး။
မာဒူရိုဟာ ၂၀၂၄ ခုနှစ် ဗင်နီဇွဲလားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ပြီး ရာထူးက ဆင်းမပေးခဲ့ပါဘူး။အဲ့ဒီရွေးကောက်ပွဲမှာနိုင်တဲ့ သမ္မတ အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် အာရူတီယာ ဟာလည်း ဗင်နီဇွဲလားမှာတောင် ဆက်နေလို့မရတဲ့အတွက် စပိန် နိုင်ငံမှာ သွားရောက်ခိုလှုံနေရပါတယ်။
ဂွန်ဇာလက်ဇ်ရဲ့ မဟာမိတ် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ဟာ လည်း မာဒူရိုကို ဆန့်ကျင်မှုကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ပြီးခဲ့တဲ့ လအထိ ဗင်နီဇွဲလားနိုင်ငံထဲမှာ ပုန်း အောင်းနေထိုင်ခဲ့ရပါတယ်။
အဲဒီကနေ မာချာဒို ဗင်နီဇွဲလားနိုင်ငံက ထွက်ပြေးလာပြီး နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ နိုဘယ်ငြိမ်း ချမ်းရေးဆု လက်ခံရယူခဲ့ပါတယ်။ အဲဒီဆုကို ထရမ့်အတွက် ရည်စူးပြီး ဗင်နီဇွဲလား မူးယစ်ဆေးဝါး သင်္ဘောတွေ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထရမ့်ကို ထောက်ခံကြောင်း လဲ ပြောကြားခဲ့ပါတယ်။မာချာဒိုရဲ့ အဲ့ဒီလို ပြောကြားမှုတွေဟာလဲ ဒေါ်နယ်ထရမ့်ဆီက ထောက်ခံမှုရဖို့ မဆွဲဆောင် နိုင်ခဲ့ ပါဘူး။
မာဒူရိုတို့လင်မယား အဖမ်းခံရအပြီး နာရီပိုင်းအတွင်း စနေနေ့က ုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဒူရိုနေရာမှာ မာချာဒိုနဲ့ အစားထိုးလို့ရနိုင်မလားလို့ သတင်း ထောက်တစ်ယောက်ရဲ့ မေးခွန်းကို” ဒီအလုပ်က သူလုပ်ဖို့ အရမ်းခက်တယ်။ မာချာဒိုက အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံအတွင်းမှာတော့ လေးစားထောက်ခံမှုမရဘူး” လို့ ဒေါ်နယ်ထရမ့်က အဖြေပေးခဲ့ပါတယ်။
ထရမ့်ဟာ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ မာချာဒိုနဲ့ပတ်သက်ပြီးသူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ကမ္ဘာကို ပြခဲ့တာဖြစ်နိုင်တယ်လို့ Foundation for Defense of Democracies က အကြီးတန်း အဖွဲ့ဝင် မာ့ခ် မွန်ဂိုမာရီက ပြောပါတယ်။
“လိမ်ညာမှုတွေကို ဖော်ထုတ်ပေးနိုင်တဲ့ စက် ထရမ့်ကိုယ်ပေါ်မှာ တပ်ထားနိုင်မယ်ဆိုရင် သူရမယ့် နိုဘယ်ဆု ကို ခိုးယူသွားတယ်တဲ့လူလို့တောင် မာချာဒို ကို သတ်မှတ်ပြီး သိပ်သဘောကျမှာ မဟုတ်ဘူး” လို့ မွန်ဂိုမာရီက ပြောပါတယ်။

မာချာဒိုဟာ ၂၀၁၀ ခုနှစ်က ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်မှာ ရွေးကောက် တင်မြှောက် ခံခဲ့ရတဲ့ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ ဗင်နီဇွဲလား အစိုးရရဲ့ အာဏာအလွဲသုံးစား မှုတွေ ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သူတစ်ဦးဖြစ်သလို နိုင်ငံအတွင်း ပြိုကွဲနေတဲ့ အတိုက်အခံတွေကိုလဲ စည်းလုံးစေနိုင်ခဲ့တဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။
လတ်တလောမှာ မာချာဒိုနဲ့ အတိုက်အခံအဖွဲ့တွေက ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေခံလွတ်လပ်ခွင့် တွေ၊ ပုဂ္ဂလိကစီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့၊ မှောင်ခိုဈေးကွက်၊ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူတွေနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေ အဆုံးသတ်ဖို့ အစီအစဉ်တစ်ခု ချမှတ်ပြီး နိုင်ငံကို ဦးဆောင်နိုင်ဖို့ အသင့်ဖြစ်နေပြီကြောင်းပြသနိုင်ဖို့ အကြီးအကျယ် ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမယ့် အခုအချိန်မှာ ထရမ့်က သူတို့နဲ့ သူတို့ရဲ့ အစီအစဥ် တွေအားလုံးကို ဘေးဖယ်ထားလိုက်ပါပြီ။
“ထရမ့်အနေနဲ့ မာချာဒိုကို အသိအမှတ်ပြုပဲ ဝေးဝေးနေလိုက်တာဟာ အလွန်ကြီးမားတဲ့ မဟာဗျူ ဟာမြောက် ကိုယ်ကျင့်တရားဆိုင်ရာ အမှားတစ်ခုပဲ ” လို့ Cato Institute က လက်တင်အ မေရိက ဆိုင်ရာ ကျွမ်းကျင်သူ Ian Vásquez က ပြောပါတယ်။ ပြီးတော့ မာချာဒိုမှာ ဗင်နီဇွဲလား နိုင်ငံအတွင်းက ထောက်ခံမှုမရှိဘူးလို့ ပြောတာကလဲ “လုံးဝမမှန်ပါဘူး” လို့ သူက ထောက်ပြပါတယ်။
မာဒူရိုနေရာမှာ အစားထိုးဖို့ ရွေးကောက်ခံအတိုက်အခံအုပ်စုကလူတွေ အစိုးရဖွဲ့စည်းနိုင်ဖို့ တောင်းဆို ကူညီရမယ့်အစား ထရမ့် အစိုးရအဖွဲ့ဟာ မာဒူရိုအစိုးရအဖွဲ့က ဒုတိယအကြီးအကဲ ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က သူတို့ အမိန့်တွေ လိုက်နာအောင် ဖိအားပေးဖို့ပဲ ကြိုးစား နေပါတယ်။
စနေနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ထရမ့်ရဲ့ မိန့်ခွန်းထဲမှာ ရိုဒရီဂွက်ဇ်မှာ “တခြားဘာမှ ရွေးချယ်စရာမရှိဘူး” လို့ သူ့ရဲ့အမိန့်နဲ့လမ်းကြောင်းကို လိုက်နာဖို့ ဖိအားပေးခဲ့ပြီး “ဗင်နီဇွဲလားနိုင်ငံ ပြန်လည်ကြီးကျယ်ခမ်းနားစေဖို့ လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ ဆန္ဒရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် သူအဲ့လိုပြောပြီး နာရီပိုင်းအတွင်းမှာပဲ ရိုဒရီဂွက်ဇ်က မာဒူရိုကို လွှတ်ပေးဖို့ တောင်း ဆိုခဲ့ပြီး သူ့ရဲ့ ဗင်နီဇွဲလား အစိုးရဟာ “ဗင်နီဇွဲလားကို ကာကွယ်ဖို့ အသင့်ရှိနေတယ်။ဗင်နီဇွဲလား နိုင်ငံဟာ ဘယ်တော့မှ” အင်ပါယာတစ်ခုရဲ့ “ကိုလိုနီ” ဖြစ်လာမှာမဟုတ်ဘူး”လို့ တုန့်ပြန်ခဲ့ပါတယ်။ ရိုဒရီဂွက်စ်က အဲ့လိုပြောပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာတော့ “ မှန်ကန်တဲ့အရာကို မလုပ်ရင် မာဒူရိုထက်တောင်ပိုကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်” လို့ ထရမ့်က ပြန် ခြိမ်းခြောက်နေပါတယ်။

ဗင်နီဇွဲလားရဲ့ အနာဂတ်ဟာ အခုအချိန်ထိ မရေမရာဖြစ်နေဆဲပါ။ဒါပေမယ့် ရိုဒရီဂွက်ဇ် ဦးဆောင် နေတဲ့ လက်ရှိဗင်နီဇွဲလား အစိုးရက သူ့ရဲ့ခြိမ်းခြောက်မှုတွေကို မလိုက်လျောဘူးဆိုရင် ထရမ့်အနေနဲ့ ဗင်နီဇွဲလားအတိုက်အခံတွေကို ကျူံးသွင်း စည်းရုံးလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားအစိုးရကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်မှုဆီ အာဏာလွှဲပြောင်းပေးဖို့ အမေရိကန်ရဲ့ သြဇာအာဏာကို အသုံးပြု တောင်းဆိုနိုင်တဲ့ လမ်းကြောင်းလဲ ရှိနေပါသေးတယ်။
ထရမ့်လုပ်နေတာတွေ စောင့်ကြည့်နေတဲ့ နောက်ထပ်ပရိသတ်တစ်စုလည်း ဗင်နီဇွဲလားနိုင်ငံ အပြင်ဖက်မှာ ရှိနေပါတယ်။အဲဒီသူတွေ ကတော့ နိုဘယ်ဆု ကော်မတီဝင်တွေဖြစ်ပါတယ်။ နောက်လာမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ဇန်နဝါရီ ၃၁ ရက် မတိုင်ခင် ပြီးခဲ့တဲ့နှစ်က လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက် ချီးမြှင့်မှာ ဖြစ်ပါတယ်။
“ထရမ့်ဟာ ဉာဏ်ပညာရှိပြီး နိုဘယ်ဆုကို ရရှိဖို့ တကယ်ပဲ ကတိကဝတ်ပြုထားမယ်ဆိုရင် ဗင်နီဇွဲလားမှာ ဒီမိုကရေစီစနစ် ထူထောင်ဖို့၊ နောက်လမှာ စနစ်တကျ ရွေးကောက် တင်မြှောက် ထားတဲ့ အတိုက်အခံပါတီတွေ ထူထောင်ဖို့ အပြင်းအထန် တွန်းအားပေးမှာပါ” လို့ မွန်ဂိုမာရီက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း တနင်္ဂနွေနေ့ NBC ရုပ်သံလိုင်းရဲ့ Meet the Press အစီအစဉ်မှာ မာချာဒိုဟာ “တော်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူနဲ့သိတာကြာပြီဖြစ်ကြောင်း ”ပြောကြားခဲ့ပြီး ၊ဒါပေမယ့် သူတို့လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေမှာ ကံမကောင်းတာက အတိုက် အခံအများစုဟာ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ရှိမနေတာပါ ” လို့ ထောက်ပြခဲ့ပါတယ်။
မာဒူရိုအစိုးရနေရာမှာ အစားထိုးဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အတိုက်အခံတွေ ထည့်သွင်းရမယ့်အစား ထရမ့်အစိုးရက လက်ရှိဗင်နီဇွဲလားအစိုးရ ခေါင်းဆောင်ပိုင်း ကို ကျူးဘား၊ အီရန်၊ ရုရှားနဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ ဆက်ဆံရေးကို ပြန်လည်ပုံဖော်ပေးဖို့ ပဲ တောင်းဆိုနေပါတယ်။
ဗင်နီဇွဲလားမှာ ဘယ်အချိန် ရွေးကောက်ပွဲလုပ်ဖို့ ထရမ့်က တွန်းအားပေးမှာလဲ ဆိုတဲ့မေးခွန်း ကို ရူဘီယိုက ရွေးကောက်ပွဲကိစ္စဟာ အမေရိကန်အတွက် ပထမဦးစားပေးမဟုတ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
“ပထမခြေလှမ်းက အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ ဗင်နီဇွဲလားပြည်သူတွေ အကျိုးယုတ်စေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပပျောက်အောင်လုပ်ဖို့ ၊ အီရန်/ဟစ်ဇ်ဘို လာအဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နေတာတွေ ဗင်နီဇွဲလားမှာဆက်မရှိနေဖို့၊ ကမ္ဘာတစ်ဝှမ်းက အမေရိကန်နိုင်ငံရဲ့ ရန်သူတွေ ချမ်းသာကြွယ်ဝစေဖို့ ဗင်နီဇွဲလား ရေနံလုပ်ငန်းကို ဆက်ပြီးအသုံးမပြုဖို့ ” က ပထမဦးစားပေးဖြစ်တယ်လို့ ရူဘီယိုက ပြန်ဖြေခဲ့ပါတယ်။
TIME မဂ္ဂဇင်းရဲ့ အိမ်ဖြူတော်အကြီးတန်းသတင်းထောက် Brian Bennett ရဲ့ သတင်းဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။




Comments