"ပိုးဟပ်ပါတီ ဆန္ဒပြပွဲနဲ့ ဟယ်ရီတန်အရေးအခင်း "
- BVJ

- Jul 27
- 1 min read
အီးကေ/BVJ

အိန္ဒိယနိုင်ငံမှာ ၅ ပတ်ကြာအရှိန်အဟုန်ပြင်းခဲ့တဲ့ "ပိုးဟပ်ပါတီ (Cockroach Janta Party - CJP)"ကဦးဆောင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ပညာရေးဝန်ကြီး Dharmendra Pradhan နုတ်ထွက်သွားမှုနဲ့အတူအဆုံးသတ်သွားခဲ့ပါပြီ။ ဆေးကျောင်းဝင်ခွင့် စာမေးပွဲမေးခွန်းပေါက်ကြားမှုကနေစခဲ့တဲ့ဒီလှုပ်ရှားမှုဟာ လူငယ်တွေရဲ့စုပေါင်းအင်အားနဲ့ အိန္ဒိယရဲ့အကြီးမားဆုံးကျောင်းသားလှုပ်ရှားမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီလို စာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသားတွေအုံကြွခဲ့တဲ့ အလားတူဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာလည်း ၁၉၅၆ ခုနှစ်တုန်းကဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဆယ်နှစ်မပြည့်ခင်က ဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်ကို "ဟယ်ရီတန်အရေးအခင်း" လို့သိကြပါတယ်။ ဟယ်ရီတန်အရေးအခင်းကို ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေက အခုဆိုရင် အသက် ၈၀ ကျော်တွေဖြစ်နေကြပါပြီ။

ဘာကြောင့်ဖြစ်ခဲ့တာလဲ
၁၉၅၆ ခုနှစ်၊ မတ်လ၂၂ရက်မှာကျင်းပတဲ့ အစိုးရစစ် သတ္တမတန်းစာမေးပွဲ နောက်ဆုံးနေ့ (အထွေထွေသိပ္ပံ)မေးခွန်းတွေကြိုပေါက်သွားပါတယ်။ အဲဒီမေးခွန်းတွေပေါက်တာကို "ဗမာ့ခေတ်သတင်းစာ"က စာမေးပွဲမဖြေခင်ကြိုဖော်ပြလိုက်တာကြောင့် စာမေးပွဲရပ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။
စာမေးပွဲရုတ်တရက်ရပ်လိုက်ရတာကို မကျေနပ်တဲ့ကျောင်းသားတွေက ဓမ္မစေတီလမ်းထောင့်မှာရှိတဲ့ ဗမာ့ခေတ်သတင်းစာတိုက်ကိုသွားပြီးဆန္ဒပြကြပါတယ်။ ဗမာ့ခေတ်သတင်းစာတိုက်ကိုဆန္ဒပြနေချိန် ရဲတွေကပစ်ခတ်ဖြိုခွင်းတဲ့အတွက် စိန်ပေါလ်ကျောင်းကခုနှစ်တန်းကျောင်းသားလေး ဟယ်ရီတန် သေနတ်သုံးချက်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဟယ်ရီတန်နဲ့အတူ ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရှိခဲ့ပါတယ်။ ဆေးရုံကြီးကိုပို့ဆောင်ကုသခဲ့ပေမယ့် ဟယ်ရီတန်ဟာ မတ်လ ၂၃ ရက်နေ့ နံနက် ၃နာရီ၁၅မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဟယ်ရီတန်ကွယ်လွန်ချိန်မှာ အသက် ၁၆ နှစ်သာရှိပါသေးတယ်။
အစိုးရက ဘယ်လိုဖြေရှင်းခဲ့လဲ
ဟယ်ရီတန် သေဆုံးသွားတဲ့ကိစ္စကြောင့် တနိုင်ငံလုံးမှာရှိတဲ့ကျောင်းသားတွေနဲ့ ပြည်သူတွေက အစိုးရကိုအရမ်းမကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြင်းထန်လာခဲ့တယ်။ အစိုးရက ဗမာ့ခေတ်သတင်းစာတိုက်က အယ်ဒီတာနှစ်ဦးကိုဖမ်းဆီးအရေးယူလိုက်ပြီး ကျောင်းသားနဲ့ရဲကြား ပဋိပက္ခစုံစမ်းရေး ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့ပါတယ်။
အခြေအနေကိုထိန်းနိုင်ဖို့အတွက် အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုက ရေဒီယိုကနေတဆင့်အရေးပေါ်ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး အဲဒီနှစ်မှာ ၇ တန်းဖြေမယ့် ကျောင်းသား၊ ကျောင်းသူအားလုံးကို စာမေးပွဲဖြေစရာမလိုတော့ဘဲ အအောင်ပေးလိုက်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဦးနုစိုးရက ၁၉၅၆ ခုနှစ်အကုန်ပိုင်းမှာ အထက်တန်း ကျောင်းအားလုံးရဲ့သမဂ္ဂတွေကို ဖျက်သိမ်းပစ်လိုက်ပြီး ဖွဲ့စည်းခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျောင်းသားအဖွဲ့အစည်းတွေက တက္ကသိုလ်ကောလိပ်အဆင့်တွေမှာပဲ ရှိပါတော့တယ်။ ကျောင်းသားတွေက ဟယ်ရီတန်ကျဆုံးခဲ့တဲ့နေရာမှာ အထိမ်းအမှတ်ကျောက်တိုင် စိုက်ခဲ့ကြပေမယ့် နောင်မှာ အိမ်စောင့်အစိုးရလက်ထက်ကျတော့ အဲဒီကျောက်တိုင် ဖျက်ဆီးခံလိုက်ရပါတယ်။
နောက်နှစ် ၁၉၅၇ ခုနှစ်မှာကျင်းပမယ့် သတ္တမတန်းစာမေးပွဲမေးခွန်းတွေ လုံခြုံ စိတ်ချမှုရှိစေဖို့အတွက် အိန္ဒိယနိုင်ငံ (ကာလကတ္တားမြို့)မှာသွားရိုက်ခဲ့ရပါတယ်။ အဲဒီခရီးစဉ်မှာပဲ ပညာမင်းကြီးဦးကောင်း ကားတိုက်ခံရပြီးကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုထပ်ကြုံခဲ့ရပါတယ်။ ပညာမင်းကြီးဦးကောင်းဟာ ပထမဆုံးသော မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူလည်းဖြစ်ပါတယ်။

"ဟယ်ရီတန် ၇ တန်းအောင်"
ဒီဖြစ်ရပ်ကြောင့်ပဲ မြန်မာ့ပညာရေးလောကနဲ့ပြည်သူတွေကြားထဲမှာ စာမေးပွဲကို တကယ်မဖြေလိုက်ရဘဲ အလွယ်တကူအောင်သွားတဲ့သူတွေကို နောက်ပြောင်သရော်တဲ့အနေနဲ့ "ဟယ်ရီတန် ၇ တန်းအောင်" ဒါမှမဟုတ် "ဟယ်ရီတန်ကြောင့် စာမေးပွဲအောင်သူ" ဆိုပြီး အဲဒီခေတ်ကစလို့ သမိုင်းတွင်တဲ့အသုံး အနှုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒီလိုလှုပ်ရှားမှုတွေမှာ ကိုယ်ကျိုးစွန့်ခဲ့တဲ့လူငယ်တွေအများကြီးရှိပါတယ်။ ဥပမာ-နောင်အခါ ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာဖြစ်လာမယ့် ဦးအောင်လွင်ဟာဆိုရင်လည်း အဲဒီအချိန်က ဟယ်ရီတန်အရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ အဲဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် သူရရှိထားတဲ့ဓာတ်သတ္တုရှာဖွေရေး နိုင်ငံခြားပညာသင်ဆုကိုတောင် ပယ်ဖျက်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။
သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယက ပိုးဟပ်ပါတီပဲဖြစ်ဖြစ်၊ မြန်မာက ဟယ်ရီတန်အရေးအခင်းပဲဖြစ်ဖြစ်-"ပညာရေးနဲ့ အနာဂတ်အတွက်တရားမျှတမှုကို တောင်းဆိုတဲ့ လူငယ်တွေရဲ့အသံ"ဟာ အမြဲတမ်းအင်အားကြီးမားပြီး သမိုင်းမှတ်တိုင်တစ်ခုအဖြစ်ကျန်ရစ်နေဆဲဆိုတာကို တွေ့ရမှာပါ။




Comments