top of page

နိုင်ငံတကာ ဆက်ဆံရေးနဲ့ ထာဝရအကျိုးစီး ပွား ဦးထိပ်ထားမှု

Writer: BVJ
BVJ
Oct 11
3 min read

အေတီ


အောက်တိုဘာ၈ရက်နေ့က မလေးရှားဝန်ကြီးချုပ်ရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ တွေ့ဆုံကြစဥ်
အောက်တိုဘာ၈ရက်နေ့က မလေးရှားဝန်ကြီးချုပ်ရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ တွေ့ဆုံကြစဥ်

"ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်" ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေး (Realpolitik) မှာ အဓိကကျတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။


ဒီအယူအဆကို ဗြိတိသျှဝန်ကြီးချုပ် လော့ဒ် ပါးလ်မာစတန် (Lord Palmerston) က ၁၈၄၈ ခုနှစ်မှာ ဗြိတိသျှလွှတ်တော်ထဲမှာ စတင်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

နိုင်ငံတွေ သို့မဟုတ် လူပုဂ္ဂိုလ်တွေအကြား မဟာမိတ်ပြုခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်း တို့ဟာ သစ္စာတရား သို့မဟုတ် ခံစားချက်ထက် မိမိတို့ရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေး အကျိုးစီးပွားပေါ်မှာသာ မူတည်နေလေ့ ရှိပါတယ်။ ဒီနေ့ မိတ်ဆွေဖြစ်နေတဲ့သူဟာ အကျိုးစီးပွား သို့မဟုတ် နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားတဲ့အခါ ရန်သူဖြစ်သွားနိုင်သကဲ့သို့၊ ဒီနေ့ ရန်သူဖြစ် ခဲ့သူကလည်း အချိန်အခါအရ မိတ်ဆွေဖြစ်လာနိုင်ပါတယ်။


ကမ္ဘာ့သမိုင်းမှာ ဒီသဘောတရားကို အထင်ရှားဆုံး ပြသနေတဲ့ သမိုင်းဝင် ဖြစ်ရပ်နဲ့ ဥပမာ (၃) ခုရှိပါတယ်။


(၁)ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးခေတ် အင်အားကြီးနိုင်ငံများ (အမေရိကန်၊ ဂျာမနီနှင့် ဂျပန်): ဒုတိယကမ္ဘာစစ်အတွင်း (၁၉၃၉–၁၉၄၅) မှာ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံ (ရုရှား) တို့ဟာ ဂျာမနီနဲ့ ဂျပန်ကို တိုက်ထုတ်ဖို့ မဟာမိတ်တွေအဖြစ် လက်တွဲခဲ့ကြပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါ ရန်သူဟောင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ ဂျပန်တို့ဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်နဲ့ စီးပွားဖက်တွေ ဖြစ်လာခဲ့ပြီး၊ စစ်တွင်းက မဟာမိတ်ဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံဟာ အမေရိကန်ရဲ့ ထာဝရရန်သူသဖွယ် စစ်အေးတိုက်ပွဲ ပြိုင်ဘက် ဖြစ်လာခဲ့ပါတယ်။


(၂) အမေရိကန်နှင့် တရုတ် ဆက်ဆံရေး: ၁၉၅၀ ပြည့်လွန်နှစ် ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်နဲ့ တရုတ်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြတဲ့ အကြီးမားဆုံး ဆန့်ကျင် ဘက် ရန်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ တရုတ်နဲ့ ဆိုဗီယက် ယူနီယံအကြား ဆက်ဆံရေး ပျက်ပြားသွားတဲ့အချိန်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်က တရုတ်နိုင်ငံကို သမိုင်းဝင် ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ "ဆိုဗီယက်ယူနီယံကို တန်ပြန်ရန်" ဟူသော ဘုံအကျိုးစီးပွား ရှိလာတာကြောင့် ရန်သူဟောင်း နှစ်နိုင်ငံဟာ မဟာမိတ်အသွင် ပြောင်းလဲလက်တွဲခဲ့ကြပါတယ်။


(၃) အီဂျစ်နှင့် အစ္စရေး ဆက်ဆံရေး (Camp David Accords): အီဂျစ်နဲ့ အစ္စရေးတို့ဟာ ၁၉၄၈ မှ ၁၉၇၃ ခုနှစ်အတွင်း ကြီးမားတဲ့ စစ်ပွဲကြီး (၄) ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတဲ့ ရန်သူတွေ ဖြစ်ပါတယ်။ သို့သော်လည်း ၁၉၇၈ ခုနှစ်မှာ အီဂျစ်က သူတို့ပိုင်ဆိုင်ခဲ့တဲ့ ဆိုင်းနိုင်းကျွန်းဆွယ် (Sinai Peninsula) နယ်မြေကို ပြန်လည်ရယူလိုတဲ့ အကျိုးစီးပွားကြောင့် အစ္စရေးနဲ့ Camp David Accords သဘောတူညီချက် ရယူကာ ရန်ငြိုးတွေကို ဘေးဖယ်ပြီး ဆက်ဆံရေးကို ပုံမှန်ပြန်လုပ်ခဲ့ပါတယ်။


ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ "အချစ်၊ အမုန်း၊ သစ္စာတရား" ထက် မိမိနိုင်ငံ ရေရှည် ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးရေးဟူသော "အကျိုးစီးပွား" ကသာ အဆုံးအဖြတ်ပေးလေ့ ရှိပါတယ်။


အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ တနင်္လာနေ့မှာ အမေရိကန်နိုင်ငံသို ပြန်လည်မထွက်ခွာမီ  အ ရှန်ဟိုင်းလေဆိပ်မှာ တရုတ်ဝန်ကြီးချုပ် ချောင်အင်လိုင်းအား နှုတ်ဆက်နေစဥ်။
အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ တနင်္လာနေ့မှာ အမေရိကန်နိုင်ငံသို ပြန်လည်မထွက်ခွာမီ အ ရှန်ဟိုင်းလေဆိပ်မှာ တရုတ်ဝန်ကြီးချုပ် ချောင်အင်လိုင်းအား နှုတ်ဆက်နေစဥ်။

 

မြန်မာ့သမိုင်းနှင့် နိုင်ငံခြားရေးမူဝါဒ (Realpolitik in Myanmar)

 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးကတည်းက စစ်အေးတိုက်ပွဲအတွင်း အင်အား ကြီး အမေရိကန်နဲ့ ဆိုဗီယက် ဘယ်ဘက်ကိုမျှ မပါဘဲ ဘက်မလိုက်မူဝါဒ (Non-Aligned Foreign Policy) ကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီကျင့်သုံးမှုဟာ နယ်မြေ တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အ ခြာအာဏာ ကာကွယ်ရေးဟူသော အဓိက အကျိုးစီးပွားကြောင့် ဖြစ်ပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေရဲ့ လက်တွေ့ကျတဲ့  ရပ်တည်ချက်


၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေအပေါ် အိမ်နီးချင်းနိုင်ငံကြီးများရဲ့ တုံ့ပြန်မှုက အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံ: မြန်မာ့အရေးမှာ "ဝင်ရောက်မစွက်ဖက်ရေး" မူဝါဒကို ပြောဆို လေ့ရှိသော်လည်း လက်တွေ့မှာ သူတို့ရဲ့ စီးပွားရေးစင်္ကြံ (CMEC)၊ ရေနံနဲ့ သဘာဝဓာတ် ငွေ့ပိုက်လိုင်းတွေ၊ ရေနက် ဆိပ်ကမ်း စီမံကိန်းတွေ ကဲ့သို့သော ဂျီအိုပိုလစ်တစ် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် အားပြိုင်မှုအကြား ချိန်ခွင်လျှာညှိကာ လက်တွေ့ကျကျ ဆက်ဆံမှုကိုသာ ကျင့်သုံးနေပါတယ်။


အိန္ဒိယနိုင်ငံ: ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူတို့နိုင် ငံရဲ့ အရှေ့မြောက်ဘက်ပြည်နယ်တွေ တည်ငြိမ်ရေး၊ သောင်းကျန်းမှု နှိမ်နင်းရေးနဲ့ "Act East" မူဝါဒ အောင်မြင်ရေးအတွက် လက်တွေ့နိုင်ငံရေး (Realpolitik) ကို ဦးစားပေးကာ အာဏာသိ မ်းစစ်အုပ်စုနဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပါတယ်။


ထိုင်းနိုင်ငံ: ပြည်တွင်းစွမ်းအင် လိုအပ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းကို မြန်မာ့ သဘာဝဓာတ်ငွေ့ကနေ ရယူနေရတာကြောင့် ကုန်သွယ်ရေးနဲ့ စွမ်းအင်လုံခြုံရေးဟူသော အမျိုးသား အကျိုးစီးပွားကို ရှေးရှုကာ မြန်မာနဲ့ ဆက်ဆံရေးလမ်းကြောင်းကို အမြဲတစေ ဖွင့်လှစ်ထားလေ့ရှိပါတယ်။


ဒါ့ကြောင့် ပြည်တွင်းမှာဖြစ်စေ၊ နိုင်ငံတကာမှာ ဖြစ်စေ ရန်သူ သို့မဟုတ် မိတ်ဆွေဟူသော ခေါင်း စဉ်များဟာ အခြေအနေအရ ပြောင်းလဲနိုင်ပြီး၊ "မိမိအဖွဲ့အစည်း သို့မဟုတ် မိမိနိုင်ငံရဲ့  ရေရှည် အကျိုးစီးပွား" သည်သာ မူဝါဒတွေ မောင်းနှင်နိုင်တဲ့  အဓိက အင်ဂျင်စက် ဖြစ်ပါတယ်။

 

မလေးရှားနှင့် မြန်မာစစ်အုပ်စု ဆက်ဆံရေး- အကျိုးစီးပွား ပေါင်းစုံမှု


လတ်တလောမှာ အမေရိကန်နဲ့ မလေးရှားနိုင်ငံတို့က အာဏာသိမ်းစစ်အုပ်စုနဲ့ တိုက်ရိုက်ဆက် ဆံမှုတွေ လုပ်လာနေတာကို တွေ့ရပါတယ်။ မြန်မာစစ်အုပ်စုခေါင်းဆောင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် နဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) တို့ရဲ့ တွေ့ဆုံမှုဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ "ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိ၊ ထာဝရအကျိုးစီးပွားပဲရှိသည်" ဟူသော Realpolitik မူကို အပြတ်သားဆုံး သက်သေပြလိုက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ယခင်က စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ ဤကဲ့သို့ သံတမန် ရေးရာ အပြောင်းအလဲ (U-Turn) ဟာ အကျိုးစီးပွားအခြေပြု ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။



ပြည်တွင်းအကျိုးစီးပွား (Domestic Calculus)

 

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ၂ သိန်းကျော် ရှိနေပြီး၊ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ပြည်တွင်းမှာ မကျေနပ်မှုတွေနဲ့ အတူ  နိုင်ငံရေးဖိအားတွေ မြင့်တက်နေပါတယ် ။ ဒါကြောင့် မလေးဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အနေနဲ့  ဒုက္ခသည်တွေကို မိခင်နိုင်ငံ မြန်မာနိုင်ငံကို အလုံးအရင်း ပြန်လည်ပို့ဆောင်ရန် (Repatriation Push) ရေးဟာ သူ့ အတွက်မဖြစ်မနေလုပ်ရမယ့် လက်တွေ့ကျတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။

 

လက်ရှိမြေပြင်မှာ အာဏာကို ချုပ်ကိုင်ထားပြီး စစ်သင်္ဘောတွေ စေလွှတ်နိုင်စွမ်းရှိတဲ့ စစ်အုပ်စုနှင့် လက်တွေ့ကျကျ ညှိနှိုင်းဖို့  လိုအပ်လာပါတယ်။ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မယ့် အစီအစဉ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ မလေးမွတ်ဆလင် အမျိုးသားရေး မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ဆွတ်ခူးဖို့နဲ့ နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် အသုံးချနေတဲ့ နိုင်ငံရေးလက်နက်တစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။


ဒီဒုက္ခသည် ပြန်ပို့ရေးမူဝါဒဟာ  နိုင်ငံတကာ ကရုဏာရှင်တွေ၊ ကုလသမဂ္ဂရဲ့ ပြစ်တင်မှုကို ခံရသော်လည်း၊ လာမယ့်  မလေးရှားရွေးကောက်ပွဲမှာ  အန်ဝါ အီဘရာဟင်အတွက် မလေးလူမျိုးစု အများစု ထောက်ခံမဲကို ပြန်လည်ရရှိစေနိုင်မည့် ဗျူဟာမြောက် "နိုင်ငံရေး အမြတ်ထုတ်မှု" ဖြစ်လာနိုင်ခြေ အလွန်မြင့်မားနေပါတယ်။


ဒါ့အပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ(Online Scams)နဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက် ဖျက်ရေးအတွက် စစ်အုပ်စုရဲ့  ပူးပေါင်းဆောင်ရွက်မှုကို မလေးရှားက လိုလားနေပါတယ်။ မလေးရှားနိုင်ငံပိုင် Petronas ကဲ့သို့သော စွမ်းအင်ကုမ္ပဏီများနှင့် အခြားပုဂ္ဂလိက လုပ်ငန်းအများအပြားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိနေဆဲဖြစ်ရာ သူတို့ရဲ့ စီးပွားရေးမျက်နှာ စာကို ကာကွယ်ဖို့  တရားဝင်လမ်းကြောင်းတစ်ခု လိုအပ်နေပါတယ်။



 မြန်မာစစ်အုပ်စုဘက်က  အကျိုးစီးပွား (Junta's Legitimacy Drive)


အနောက်အုပ်စုနဲ့ ဒီမိုကရေစီလိုလားသော အင်အားစုတွေက ကန့်ကွက်နေတဲ့ကြားက ၂၀၂၁ခုနှစ်မှာ အရပ်သားအစိုးရလက်ထဲက အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုက တရားဝင်အစိုးရအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေပါတယ်။ စစ်အုပ်စုခေါင်းဆောင်တွေကို  အာဆီယံအဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပေမယ့် ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးသည့် မလေးရှား ကဲ့သို့သော နိုင်ငံကိုပါ စည်းရုံးနိုင်ခြင်းက စစ်အုပ်စုအတွက် ကြီးမားတဲ့  သံတမန်ရေးရာ အောင်ပွဲတစ်ခု ဖြစ်လာပါတယ်။




အာဆီယံ (ASEAN) အတွင်း သဘောထား ပြောင်းလဲလာမှု


မြန်မာစစ်အုပ်စုနဲ့ပတတ်သက်ပြီး  ယခင်က ချမှတ်ထားတဲ့  ဘုံသဘောတူညီချက်တွေက  မြေပြင်မှာ  အလုပ်မဖြစ်တော့တာကြောင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့နည်းတူ မလေးရှားသည်လည်း စစ်အုပ်စုကို ဝိုင်းပယ်ထားမည့်အစား "ပြန်လည် ပေါင်းစည်းရေး" (Reintegration) ကို ရှေးရှုသည့် လက်တွေ့ကျသော ချဉ်းကပ်မှုဘက်သို့ ကူးပြောင်းလာခြင်း ဖြစ်ပါတယ်။ မလေးရှားဟာ စစ်အုပ်စုခေါင်းဆောင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့တဲ့  ၅ ခုမြောက် အာဆီယံနိုင်ငံ ဖြစ်လာခဲ့ပါတယ်။


မလေးရှားအစိုးရရဲ့ ဒီတွေ့ဆုံမှုဟာ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် "အသိအမှတ်ပြုခြင်း မဟုတ်" ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း၊ လက်တွေ့လုပ်ရပ်များအရ မူဝါဒ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများထက် မိမိနိုင်ငံ၏ ပြည်တွင်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးဟူသော "ထာဝရအကျိုးစီးပွား" ကိုသာ ရှေ့တန်းတင်သွားခြင်း ဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ဒီလုပ်ရပ်ကြောင့် မလေးရှားသည် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များ (ဥပမာ -Human Rights Watch) အဖွဲ့ရဲ့  အပြင်းအထန် ဝေဖန်ခြင်းကို ခံနေရသော်လည်း၊ နိုင်ငံတကာ ဆက်ဆံရေးမှာ  "အချစ်၊ အမုန်း မရှိ၊ အကျိုးစီးပွားသာ ပဓာန" ဆိုသည်ကို ထပ်မံအ တည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

 

 စံနှုန်းတွေထက် လက်တွေ့အကျိုးအမြတ်ကို ဦးစားပေးခြင်း


နိုင်ငံတကာ ဆက်ဆံရေးမှာ "လူ့အခွင့်အရေး"၊ "ဒီမိုကရေစီ" နှင့် "တရားမျှတမှု" ဟူသော စံနှုန်းများကို သံတမန်ရေးရာ စကားဝိုင်းများ၌ အမြဲပြောလေ့ရှိသော်လည်း၊ တကယ့်လက်တွေ့ ဆုံးဖြတ်ချက် ချသည့်အခါ အကျိုးစီးပွားကသာ စံနှုန်းများကို လွှမ်းမိုးသွားလေ့ ရှိပါတယ်။


ဥပမာ အမေရိကန်နှင့် မလေးရှားကဲ့သို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထား ပါတယ်ဆိုတဲ့   နိုင်ငံများသည်ပင် မိမိတို့၏ လုံခြုံရေး၊ စွမ်းအင်နှင့် ကုန်သွယ်ရေး အကျိုးစီးပွားတွေ ပေါ်ပေါက်လာတဲ့ အခါ စစ်အာဏာရှင်နိုင်ငံများ၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေကို ကော်ဇောနီခင်းကာ လက်တွဲ ဆက်ဆံကြတာကို တွေ့ရပါတယ်။

 

နိဂုံးချုပ် သုံးသပ်ချက်

 

နိုင်ငံတကာ ဆက်ဆံရေးဆိုသည်မှာ "မိမိနိုင်ငံ၏ ထာဝရ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မတည်ငြိမ်သော ကမ္ဘာ့ဇာတ်ခုံပေါ်တွင် သင့်တော်မည့် မိတ်ဆွေ သို့မဟုတ် ရန်သူကို အကွက်ချ ရွေးချယ်ကစားရသည့် ကစားပွဲတစ်ခု" ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ဆက်ဆံရေးကို နားလည်လိုပါက နိုင်ငံများရဲ့  ကြေညာ ချက်တွေ၊ခံစားချက်တွေကို မကြည့်ဘဲ ၎င်းတို့ရဲ့  "ကွယ်ရာက လက်တွေ့ကျသော အကျိုး စီးပွား" ကိုသာ ရှာဖွေတွက်ချက် ကြည့်ရမှာ ဖြစ်ပါတယ်။

 

ယခု စစ်အေးတိုက်ပွဲသစ်မှာ  နိုင်ငံများဟာ  "ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုး" ဆိုတဲ့  ကျင့်ဝတ်စံနှုန်းတွေအတိုင်း မဟာမိတ်ဖွဲ့ကြတာ မဟုတ်ပါ။ နိုင်ငံကြီးတိုင်းက  မိမိတို့ရဲ့  ကာကွယ်ရေး၊ စီးပွားရေးနှင့် ဂျီအိုပိုလစ်တစ် "ထာဝရအကျိုးစီးပွား" ကို ဗဟိုချက်မအဖြစ် ထားရှိပြီး၊ ထိုအကျိုးစီးပွားချင်း ကိုက်ညီသည့်အချိန်မှာ လက်တွဲကာ၊ ဆန့်ကျင်ဘက်ဖြစ်လာတဲ့  အချိန်မှာ  ပြိုင်ဘက်အဖြစ် ပြောင်းလဲကစားနေကြခြင်းသာ ဖြစ်ပါတယ်။




Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page