ထိုင်းအစိုးရရဲ့ "နှစ်လမ်းသွား" ချဉ်းကပ်မှု မြန်မာစစ်အုပ်စု ကို အသိအမှတ်ပြုပေးရာ ရောက်နေပီလား
- BVJ

- Jul 23
- 3 min read
အေတီ

"အာဆီယံမူဝါဒကို မျက်နှာဖုံးစွပ်ပြီး ကိုယ့်နိုင်ငံရေး အကျိုးအမြတ်အတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေတာ"
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်သားခေါင်းဆောင်ပုံစံမျိုး အသွင်ယူပြီး လာမယ့် သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင်က ဖိတ်ကြားထားတာဖြစ်ပြီး၊ အဓိကအားဖြင့် မြောက်ပိုင်းဒေသ ကော့မြစ်အတွင်း ဖြစ်ပွားနေတဲ့ ရေထုညစ်ညမ်းမှုနဲ့ အဆိပ်သင့်မှုကိစ္စကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်အတွက်တော့ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆ န်းပိုင်းက လာအိုနိုင်ငံကို သွားရောက်ခဲ့ပြီးနောက်ပိုင်း အာဆီယံနိုင်ငံတစ်ခုကို ဒုတိယအကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
လက်တွေ့ကျတဲ့ ချဉ်းကပ်မှုလား၊ အကျိုးစီးပွားပဲ ကြည့်တာလား
ထိုင်းအစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံတဲ့အခါ အာဆီယံလမ်းကြောင်းအပြင် ကိုယ်တိုင်တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေကိုလည်း သိသိသာသာ လုပ်ဆောင်လာတာ တွေ့ရပါတယ်။
မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ "နှစ်လမ်းသွား" ချဉ်းကပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့ ရှင်းပြပါတယ်။ သူက "နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေလိုမျိုး ကျွန်တော်တို့ ဖြေရှင်းရမယ့် အရေးကြီးကိစ္စတွေ အများကြီးရှိနေပါတယ်" လို့ ပြောဆိုခဲ့ပြီး ဒါဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို စွန့်လွှတ်လိုက်တာမျိုး မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ ထိုင်းရဲ့ ဒီလိုလုပ်ရပ်ဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲဖို့ထက် နယ်စပ်ရေးရာနဲ့ ကိုယ့်စီးပွားရေး အကျိုးစီးပွားကိုပဲ ပိုကြည့်နေသလို ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။ ပြောရရင်တော့ ထိုင်းနဲ့ စစ်အုပ်စုကြားက နှစ်နိုင်ငံ အကျိုးစီးပွားအတွက် လုပ်နေတာကို အာဆီယံမူဝါဒ အကြောင်းပြပြီး မျက်နှာဖုံးစွပ်ထားတာလားလို့တောင် မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ထိုင်းနဲ့ မြန်မာဟာ ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်ကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် နယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲတွေ၊ ဒုက္ခသည်တွေ ဝင်ရောက်လာတာတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ (ဥပမာ - အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး) ဟာ ထိုင်းနိုင်ငံအတွက် တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။ ဒီအတွက်ကြောင့်လည်း ထိုင်းအစိုးရဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခြေအနေမှာ ရှိနေတာပါ။

ထိုင်းနဲ့ မြန်မာ ဆက်ဆံရေးဆိုတာ နိုင်ငံရေးစံတန်ဖိုးတွေထက် "ပထဝီဝင်အနေအထား" နဲ့ "စီးပွားရေး အကျိုးအမြတ်" ကို အခြေခံတဲ့ ဆက်ဆံရေးမျိုးလို့ ပြောနိုင်ပါတယ်။ ထိုင်းအနေနဲ့ မြန်မာစစ်အုပ်စုကို ဘယ် လောက်ထိ ထိတွေ့ဆက်ဆံမလဲဆိုတာက နယ်စပ်တည်ငြိမ်မှုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။
အာဆီယံထဲ အတင်းပြန်သွတ်သွင်းဖို့ ကြိုးစားနေတာလား
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek ကတော့ မြန်မာနိုင်ငံကို အာဆီယံနဲ့ ပြန်ပြီး နီးကပ်လာအောင် ထိုင်းက ကြားကနေ ကူညီပေးနေတဲ့အတွက် မြန်မာစစ်အုပ်စုဘက်က ကျေးဇူးတင်နေကြတယ်လို့ Khaosod သတင်းဌာနကို ပြောသွားပါတယ်။ "မြန်မာနိုင်ငံ ငြိမ်းချမ်း သွားရင် ထိုင်းနယ်စပ်မှာ နေတဲ့သူတွေအတွက်ပါ အကျိုးရှိမှာပါ။ အိမ်နီးချင်းနိုင်ငံတွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ဆိုရင် ခေါင်းဆောင်တွေအချင်းချင်း တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်" လို့ သူက ရှင်းပြပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီး စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အလွတ်သဘော အစည်းအဝေးကိုလည်း သူက ထောက်ပြသွားပါတယ်။ အာဏာသိမ်း စစ်အုပ်စုဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဖို့ ငြင်းဆန်နေဆဲဖြစ်ပေမဲ့၊ ထိုင်းရဲ့ ကြားဝင်မှုနဲ့အတူ အာဆီယံက မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အရှိန်မြှင့်တင်နေတာကို တွေ့ရပါတယ်။
ဒါပေမဲ့ မြန်မာ့အရေး လေ့လာဆန်းစစ်သူအများစုကတော့ ဒီကိစ္စကို သံသယဖြစ်နေကြပါတယ်။ စစ်ကောင်စီရဲ့ ဟန်ပြလွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းစောင့်ရှောက်ထားတယ်ဆိုတဲ့ သူတို့ရဲ့ စကားလုံးတွေကို ယုံကြည်ပြီး အာဆီယံ ထဲကို အတင်းပြန်သွတ်သွင်းဖို့ ကြိုးစားနေတာဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဘာတွေ သံသယဖြစ်စရာရှိလဲ
မြန်မာစစ်အုပ်စုရဲ့ "ဟန်ပြ" နည်းဗျူဟာ အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံကိုယ်စားလှယ်ကို တွေ့ခွင့်ပေးတယ်ဆိုရင်လဲ ဘုံသဘောတူညီချက် (5PC) ကို လိုက်နာတာမဟုတ်ဘဲ၊ နိုင်ငံတကာနဲ့ ပြန်လည်ထိတွေ့ခွင့်ရဖို့ လုပ်တဲ့ "နိုင်ငံရေးအရ လော်ဘီလုပ်တဲ့နည်းလမ်း" သက်သက်လို့ပဲ လူအများစုက မြင်နေကြပါတယ်။ စစ်ကောင်စီက ဒီလိုလုပ်ရပ်တွေကို အကြောင်းပြပြီး နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့ ကြိုးစားနေတာပါ။
တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံလုံးက စစ်ကောင်စီကို အာဆီယံထဲမှာ နေရာပြန်ရစေချင်ကြနေတာဟာ သံသယဖြစ်စရာ အချက်တစ်ခုပါ။ အာဆီယံရဲ့ မူဝါဒထက် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား (နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေး) ကိုပဲ ဦးစားပေးနေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ပတ္တရားမှာ လုပ်တဲ့ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကြားမှာတောင် သဘောထားကွဲလွဲနေပါတယ်။ အချို့က ဆွေးနွေးဖို့ ပြင်နေပေမဲ့ အချို့ကတော့ ဒါဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က လုပ်ဆောင်ချက်တွေပဲလို့ သံသယရှိပြီး ပါဝင်ဖို့ တွန့်ဆုတ်နေကြပါတယ်။
ထိုင်းမှာ လူသိများတဲ့ နိုင်ငံရေးသမား Movement Party ခေါင်းဆောင် Kannavee Suebsang က "သေနတ်သံတွေက ဆွေးနွေးသံတွေထက် ပိုကျယ်နေရင်" ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ မြေပြင်မှာ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေသရွေ့ စစ်ကောင်စီနဲ့လုပ်တဲ့ ဘယ်လိုဆွေးနွေးပွဲမျိုးကိုမဆို စိတ်ရင်းမှန်နဲ့ လုပ်တာလို့ မယုံကြည်နိုင်တာဟာ သဘာဝကျပါတယ်လို့ ထောက်ပြထားပါတယ်။
အနှစ်ချုပ်ပြောရရင် ထိုင်းနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ "ကြားနေ" တဲ့အနေအထားထက်၊ စစ်ကောင်စီကို အသက်ရှူပေါက်ရအောင် ဖန်တီးပေးနေသလားဆိုတဲ့အချက်က လူတွေရဲ့ သံသယကို အကြီးဆုံးဖြစ်စေတာပါ။ စစ်ကောင်စီဘက်က တကယ့်အပြောင်းအလဲ (ဥပမာ - အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တာ၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလုပ်တာ) မလုပ်ဘဲနဲ့ အာဆီယံထဲကို အတင်းပြန်သွတ်သွင်းဖို့ ကြိုးစားနေတာဟာ ဒေသတွင်း တည်ငြိမ်ရေးကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။
အနှစ်ချုပ်သုံးသပ်ချက်
ထိုင်းနိုင်ငံရဲ့ မြန်မာစစ်အုပ်စုအပေါ် လက်ရှိချဉ်းကပ်ပုံဟာ တရုတ်ရဲ့ “နယ်စပ်တည်ငြိမ်ရေး မော်ဒယ်” နဲ့ အတော်လေး ဆင်တူနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထက် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေကိုပဲ အဓိကထား ကိုင်တွယ်နေတာပါ။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မလျော့ကျ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အ ပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလည်း မလွတ်မြောက်သေးတဲ့ အခြေအနေမှာ စစ်ကောင်စီကို အာဆီယံနဲ့ ဆက်ဆံခွင့်ပေးလိုက်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက် ကို အဓိပ္ပာယ်မဲ့သွားစေမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
ဒီနေရာမှာ အန္တရာယ်အကြီးဆုံးကတော့ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အမျိုးသားအကျိုး စီးပွားကို အာဆီယံရဲ့ စုပေါင်းရပ်တည်ချက်အဖြစ် ပြောင်းလဲခွင့်ပေး လိုက်တာပါပဲ။ အဲဒီလိုသာ ဖြစ်လာရင် အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ဟာ စာရွက်ပေါ်မှာပဲ ကျန်ရစ်ပြီး လက်တွေ့မှာတော့ အနှစ်သာရကင်းမဲ့သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဇူလိုင် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ သေသေချာချာ သတိပေးထားပါတယ်။ စစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့မယ်ဆိုရင် အနည်းဆုံး -
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊
ဒီမိုကရေစီလိုလားသူတွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊
လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ပေးအပ်နိုင်ဖို့
ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာဆောင်ရွက်ရမှာပါ။ ဒီအချက်တွေကို မလိုက်နာဘဲ ဆက်ဆံမယ်ဆိုရင် လက်တွေ့ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုပဲ အလိုအလျောက် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားမှာကို APHR က စိုးရိမ်တကြီး သတိပေးလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာရဲ့ သံတမန်ရေးအရ အထီးကျန်နေခဲ့တာပါ။ ဒီအချိန်မှာ အာဆီယံရဲ့ တရားဝင်အစည်းအဝေးတွေမှာတောင် ကန့်သတ်ခံထားရတဲ့ စစ်ကောင် စီကိုယ်စားလှယ်တွေကို ထိုင်းက ဖိတ်ခေါပြီး တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ပေးလိုက်တာဟာ သူတို့ကို "တရားဝင် ဆွေးနွေးဖက်" တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားစေပါတယ်။ ဒါဟာ စစ်ကောင်စီအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုလို ဖြစ်နေပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက် မှာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် အခြေအနေအရပ်ရပ် (အကြမ်းဖက်မှုရပ်ခြင်း၊ ဆွေးနွေးခြင်း) ကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ထိုင်းရဲ့ "နှစ်လမ်းသွား" ချဉ်းကပ်မှုက ဒီအခြေအနေတွေကို မစောင့်ဆိုင်းတော့ဘဲ "လက်တွေ့ကျကျ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကောင်စီနဲ့ ပိုပြီး နီးကပ်အောင် လုပ်နေတာပါ။ ဒါဟာ အာဆီယံမူဝါဒကို ကျော်လွန်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေတာမို့ စစ်ကောင်စီကို ဖိအားပေးရမယ့်အစား "အသက်ရှူပေါက်" ပေးလိုက်သလို ဖြစ်နေပါတယ်။
ထိုင်းကတော့ နယ်စပ်ရေးရာ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုတွေကို အကြောင်းပြပါတယ်။ ဒါတွေက အရေးကြီးတဲ့ ပြဿနာတွေဖြစ်ပေမဲ့၊ ဒီပြဿနာတွေရဲ့ အရင်းအမြစ်က "မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှု" ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ နယ်စပ်အရေးကိုပဲ ဦးစားပေးမယ်ဆိုရင် စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးကိုပဲ အားပေးရာရောက်ပြီး အဲဒီပြဿနာတွေကလည်း ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။
မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒီလုပ်ရပ်ကို "စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပေးခြင်း" လို့ပဲ မြင်ကြပါတယ်။ အထူးသဖြင့် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို ဟန်ပြလွှတ်ပေးတာမျိုးတွေ လုပ်ပြီးရင် ထိုင်းက သူတို့ကို ချက်ချင်း လက်ကမ်းကြိုဆိုတာမျိုးတွေ လုပ်လာတဲ့အခါ စစ်ကောင်စီရဲ့ "ဟန်ပြဇာတ်လမ်း" ကို ထိုင်းက လိုက်ပါကူညီပေးနေသလို ဖြစ်နေတာပါ။
ထိုင်းရဲ့ "နှစ်လမ်းသွား" ချဉ်းကပ်မှုဟာ အပေါ်ယံကြည့်ရင် "အိမ်နီးချင်းကောင်း ပီသစွာနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေတယ်" လို့ ထင်ရပေမဲ့၊ လက်တွေ့မှာတော့ စစ်အုပ်စုကို တရားဝင်မှုပေးလိုက်ခြင်း၊ အာဆီယံရဲ့ ဖိအားပေးမှုတွေကို လျော့ကျသွားစေခြင်း နဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းဗျူဟာတွေကို ထောက်ကူပေးနေသလို ဖြစ်နေတာ အမှန်ပါပဲ။
ဒါကြောင့်လည်း ဝေဖန်သူတွေက ထိုင်းကို "အာဆီယံမူဝါဒကို မျက်နှာဖုံးစွပ်ပြီး ကိုယ့်နိုင်ငံရေး အကျိုးအမြတ်အတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေတာ" လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။




Comments