အာဖဂန်နစ္စတန်နိုင်ငံကို ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူလေးဦးသေဆုံး

နီသွင် /BVJ_ စက်တင်ဘာ ၂၄၊ ၂၀၂၆

အာဖဂန်နစ္စတန်နိုင်ငံအတွင်းကို ပါကစ္စတန်ဘက်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးလူလေးဦးသေဆုံးခဲ့တယ်လို့ အာဖဂန် တာလီဘန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပြီး "ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုး" ပေးသွားမယ်လို့ကတိပြုခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေမှာအသုံးပြုခဲ့တဲ့ ဒရုန်းတွေကိုသိုလှောင်ဖို့နဲ့ လွှတ်တင်ဖို့အသုံးပြုနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက နေရာ ၁၀ ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်ဘက်ကကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ အာဖဂန်တာလဘန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid)ကတော့ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေဟာ ကန္ဒဟာ၊ ပက်တီယာနဲ့ ခိုစ်ပြည်နယ်တွေကို ဦးတည် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
တောင်ပိုင်းအာဖဂန်နစ္စတန်ရှိ ကန္ဒဟာမြို့ခံတစ်ဦးက AFPသတင်းဌာနကိုပြောကြားရာမှာတော့ မြို့ထဲကိုလေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂျက်တိုက်လေယာဉ်အသံကိုကြားခဲ့ရပြီးနောက် ကြီးမားတဲ့ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ ကန္ဒဟာမြို့လယ်မှာမီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အာတာအိုလာ တာရာ (Attaullah Tarar) ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ "ရည်ရွယ်ချက်ရှိရှိ၊ တိကျသေချာစွာ၊ ချိန်ဆလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပါကစ္စတန်အပေါ် တိုက်ခိုက်ဖို့ကြိုးပမ်းမှုတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ ဖော်ထုတ်ထားပြီးသား စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ တင်းတင်းကျပ်ကျပ်ကန့်သတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တဲ့ "ဒရုန်းတွေနဲ့ ပါကစ္စတန်နယ်နိမိတ်အတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တရားမဝင်ကျူးကျော်ဝင်ရောက်မှု"ကိုလည်း သူကပြစ်တင်ရှုတ်ချခဲ့ပါတယ်။
"ဒါဟာ ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအပြည့်အဝရှိမှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ပြင်းထန်ပြီးလုံးဝလက်မခံနိုင်စရာကောင်းတဲ့ ရန်လိုမှုတစ်ခုဖြစ်ပါတယ်" လို့သူကဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က သူတို့အစိုးရအနေနဲ့ ပါကစ္စတန်ဘက်ကိုဒရုန်းတွေလွှတ်တင်တိုက်ခိုက်ခဲ့တာမရှိဘူးလို့ တာလီဘန်အရာရှိတွေကငြင်းဆိုခဲ့ကြပါတယ်။
ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေဟာ ပါကစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး၊ ဖေဖော်ဝါရီလအတွင်းက နှစ်ပေါင်းများအတွင်းအဆိုးရွားဆုံးတိုက်ပွဲတွေအထိဖြစ်ပွားစေခဲ့တဲ့ ရှေးဟောင်းမဟာမိတ်နှစ်နိုင်ငံကြားက တင်းမာမှုတွေမြင့်တက်လာတဲ့အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတဲ့ တိုက်ခိုက်ရေးသမားတွေကို ကဘူးလ်အစိုးရကခိုလှုံခွင့်ပေးထားတယ်လို့ ပါကစ္စတန်ဘက်ကစွပ်စွဲထားပေမဲ့၊ အာဖဂန်တာလဘန်အစိုးရကတော့ ပါကစ္စတန်ဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုတွေကိုခိုလှုံခွင့်ပေးထားခြင်းမရှိကြောင်းငြင်းဆိုထားပြီး အခုလိုတိုက်ခိုက်မှုတွေဟာ ပါကစ္စတန်ရဲ့အတွင်းရေးပြဿနာသာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုအပေါ် တိုက်ခိုက်ခံရမှုကြောင့် လူ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ရပြီးနောက်, တည်ငြိမ်မှုအတော်လေးရရှိနေခဲ့တဲ့ သုံးလနီးပါးအကြာမှာနှစ်နိုင်ငံကြားတိုက်ပွဲတွေပြန်လည်စတင်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါပေါက်ကွဲမှုနဲ့ဆက်လက် ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေအတွက် ပါကစ္စတန် တာလဘန် လက်အောက်ခံအဖွဲ့တစ်ဖွဲ့ကတာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းရှိ နေရာသုံးခုကို ဦးတည် တိုက်ခိုက်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကူနားပြည်နယ်၊ နူဂါယ် (Nurgal) ခရိုင်မှာ အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောကြားခဲ့ပြီး၊ အစ္စလာမာဘတ်ဘက်ကတော့ "အကြမ်းဖက်သမား" ၂၈ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမြင့်တက်လာမှုဟာ နှစ်နိုင်ငံအိမ်နီးချင်းတွေကြားရေရှည်ငြိမ်းချမ်းရေးရရှိဖို့အတွက် တရုတ်၊ တူရကီ၊ ကာတာနဲ့ဆော်ဒီအာရေဗျနိုင်ငံတို့ရဲ့ ကြားဝင်စေ့စပ်ပေးနေတဲ့ကြိုးပမ်းမှုတွေကိုခြိမ်းခြောက်နေပါတယ်။
ကာလရှည်ကြာမဟာမိတ်နှစ်နိုင်ငံကြားဆက်ဆံရေးဟာ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့အဆိုးရွားဆုံး တိုက်ပွဲတွေဖြစ်ပွားခဲ့ချိန်ကစပြီးတင်းမာလျက်ရှိနေပါတယ်။
ခရက်ဒစ်- AL Jazeera




Comments