top of page

ရုရှားက ဒေါ်လာ သန်း၂၀ဆုကြေးငွေထုတ်ခံထားရတယ်ဆိုတဲ့ ယူကရိန်းဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့မှူး ရောဘတ် ဘရော့ဗ်ဒီ

Writer: BVJ
BVJ
30 minutes ago
1 min read

သူရ/BVJ

Wall Street Journal (WSJ) သတင်းဌာနနဲ့အင်တာဗျူးခဲ့တဲ့ ယူကရိန်း ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ (USF)ရဲ့တပ်ဖွဲ့မှူး ဗိုလ်မှူးရောဘတ် "မက်ဒါ" ဘရော့ဗ်ဒီ (Robert “Madyar” Brovdi) ရှိတဲ့နေရာသတင်းပေးနိုင်တဲ့သူကို ဒေါ်လာသန်း(၂၀)ပေးမယ်လို့ ရုရှားဘက်ကကမ်းလှမ်းထားကြောင်း ယူကရိန်းမောင်းသူမဲ့စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။


ရုရှားအနေနဲ့ ဆိုဗီယက်ခေတ်လွန် ရာဇဝတ်မှုကွန်ရက်တွေကိုအသုံးပြုပြီး ဘရော့ဗ်ဒီရှိနေတဲ့နေရာကိုထောက်လှမ်းနေတယ်လို့ Wall Street Journalသတင်းဌာနမှာဖော်ပြထားပါတယ်။ WSJ သတင်းထောက်တစ်ဦးဟာ ဘရော့ဗ်ဒီနဲ့အင်တာဗျူးလုပ်ဖို့အတွက် လျှို့ဝှက်ကွပ်ကဲရေးစခန်း တစ်ခုဆီကိုသွားရောက်ခဲ့ပါတယ်။


အဲဒီလိုမသွားရောက်ခင်မှာ သတင်းထောက်ကိုဖုန်းရဲ့တည်နေရာပြစနစ် (Location services)ကိုပိတ်ထားဖို့ လေယာဉ်ပျံမုဒ် (Airplane mode) ပြောင်းထားဖို့နဲ့ဖုန်းအချက်ပြလှိုင်းတွေကိုပိတ်ဆို့ပေးမယ့် Faraday အိတ်ထဲထည့်ထားဖို့ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက်သွားတဲ့လမ်း ကြောင်းကိုလျှို့ဝှက်ထားနိုင်ဖို့ မှန်မဲထားတဲ့(အရောင်တင်ထားတဲ့) ကားနဲ့အဲဒီနေရာကိုခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဘရော့ဗ်ဒီဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လကစပြီး USFဒရုန်းအထူးတပ်ဖွဲ့ကိုဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တပ်ဖွဲ့ဟာ ယူကရိန်းစစ်တပ်အစုအဝေးရဲ့ ၂.၅ ရာခိုင်နှုန်းလောက်သာရှိပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရုရှားဘက်ကကျဆုံးမှုရဲ့သုံးပုံတစ်ပုံလောက်ကို ဒီတပ်ဖွဲ့ကချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ "ခေတ်မီပြီးအသေးစားဖြစ်တဲ့ ယူကရိန်းစစ်တပ်က ယူကရိန်းမှာကျန်ရစ်ခဲ့တဲ့ ဆိုဗီယက်ဟောင်းစနစ်ကို အနိုင်ယူနေပါတယ်"လို့ ဘရော့ဗ်ဒီကပြောပါတယ်။


ဒါ့အပြင် ရုရှားရဲ့အပြည့်အဝကျူးကျော်စစ် စတင်ချိန်ကတည်းက သူတို့ရဲ့ မူလတပ်ဖွဲ့ဖြစ်တဲ့ "မက်ဒါရဲ့ ငှက်များ" (Madyar's Birds)ထဲက တပ်ဖွဲ့ဝင် ၇၉ ဦးကျဆုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။ အင်တာဗျူးလုပ်တဲ့အချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတိုင်း ရုရှားစစ်သား ၆၅၆ ဦးကို သတ်ဖြတ်နိုင်ခဲ့ သို့မဟုတ် ဒဏ်ရာရရှိစေခဲ့တယ်လို့ ဘရော့ဗ်ဒီကဆိုပါတယ်။ ဒါပေမဲ့ဒီအချိုးအစားဟာ လုံလောက်မှုမရှိသေးဘူးလို့လည်း သူကပြောပါတယ်။

ဘရော့ဗ်ဒီရဲ့ စားပွဲခုံပေါ်မှာတော့ အဲဒီနေ့ကသူ့တပ်ဖွဲ့တွေသတ်ဖြတ်နိုင်ခဲ့တယ်လို့တင်ပြလာတဲ့ ရုရှားစစ်သားအရေအတွက်ကိုမှတ်တမ်းတင်ထားတဲ့ လျှပ်စစ်စက်ပစ္စည်းတစ်ခုကို WSJသတင်းထောက်ကတွေ့ခဲ့ရပါတယ်။ သူတို့စကားစပြောတဲ့အချိန်မှာ အဲဒီစက်ပေါ်မှာ ၃၀၂ လို့ပြသနေပြီး စကားပြောလို့ပြီးဆုံးချိန်မှာတော့ ၃၄၃ လို့ပြောင်းလဲပြသနေခဲ့ပါတယ်။ ၃၄၃ဦးအရေအရေအတွက်ဟာ အဲ့ဒီနေ့မှာသူတို့ဒရုန်းတပ်ဖွဲ့က ချေမှုုန်းသတ်ဖြတ်နိုင်ခဲ့တဲ့ ရုရှားစစ်သားအရေအတွက်ဖြစ်ပါတယ်။


ပြီးခဲ့တဲ့မတ်လတုန်းကလည်း ရုရှားစစ်ခုံရုံးက ဘရော့ဗ်ဒီကို အကြမ်းဖက်မှုစွဲချက်နဲ့လူမပါဘဲ (In absentia) ရာသက်ပန်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဘရော့ဗ်ဒီရဲ့တရားရုံးကခန့်အပ်ပေးထားတဲ့ ရှေ့နေကတော့တရားလိုဘက်က သူ့ရဲ့အပြစ်ကိုသက်သေပြနိုင်ခြင်းမရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။


ဘရော့ဗ်ဒီဟာ"မက်ဒါရဲ့ ငှက်များ" (Magyar's Birds)အမည်ရတဲ့ ဒရုန်း တပ်ဖွဲ့ကိုတည်ထောင်ခဲ့သူနဲ့ တပ်ဖွဲ့မှူးလည်းဖြစ်ပါတယ်။ သူဟာ ၂၀၂၅ ခုနှစ်မှာ ယူကရိန်းရဲ့သူရဲကောင်း (Hero of Ukraine) ဆုကိုရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်ကစလို့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မောင်းသူမဲ့စစ်ဆင်ရေးတပ်ဖွဲ့ (Unmanned Systems Forces) ရဲ့ တပ်ဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

သူ့ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့တပ်ဖွဲ့ဟာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ FPVဒရုန်းတွေကိုတိုက်ခိုက်ရေးလက်နက်အဖြစ် အစောဆုံး စနစ်တကျအသုံးပြုခဲ့တဲ့ တပ်ဖွဲ့တွေထဲကတစ်ခုဖြစ်ပြီး၊ ကင်းထောက်ဒရုန်း(UAV)တွေကိုတော့ အမြောက်တပ်တွေရဲ့ပစ်ခတ်မှုကိုညွှန်ပြပေးဖို့အတွက်အသုံးပြုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ဇွန်လမှာ မောင်းသူမဲ့ စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ခံရပြီးနောက်မှာ ဘရော့ဗ်ဒီဟာ ဒီလိုနည်းစနစ်တွေကိုတပ်ဖွဲ့အဆင့်အထိ ဆက်လက်တိုးချဲ့ အကောင်အထည်ဖော်ခဲ့ပါတယ်။


ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်မစတင်ခင်အချိန်တုန်းကတော့ သူဟာကုန်စည်ရောင်းဝယ်ရေး (အထူးသဖြင့် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး) လုပ်ငန်းတွေလုပ်ကိုင်ခဲ့ပြီး "Granum" စီမံကိန်းနဲ့လည်းပတ်သက်ခဲ့သလို "BrovdiArt" အနုပညာဖောင်ဒေးရှင်းကိုလည်း ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

ခရက်ဒစ် - Kyiv Post

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page