ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချ အလင်းဝင်ဖို့စည်းရုံးခဲ့တဲ့ရဲဘော် ရန်သူ့ကျည်ထိ ကျဆုံး
- BVJ

- Jun 25, 2025
- 1 min read
BVJ/မိုနာ_ ဇွန် ၂၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအလင်းဝင်ဖို့ဖိတ်ခေါ်ရင်း ကျည်ထိမှန်ကျဆုံးသွားတာဖြစ်တယ်လို့ တပ်ရင်းက သိရပါတယ်။
“စစ်အုပ်စုဘက်က ...တွေအလင်းဝင်ဖို့ စည်းရုံးရင်း ရန်သူ့ကျည်ထိဆုံးသွားတာပါဗျ။ နဖူးတည့်တည့်ကို ထိတာ”လို့ ကျားသစ်နက်တပ်မတော်မြိုင်တပ်ခွဲက တာဝန်ရှိသူတစ်ဦးက Burma VJကို ပြောပါတယ်။
ကျဆုံးရဲဘော်ဟာ ကျားသစ်နက်တပ်မတော်မြိုင်တပ်ခွဲရဲ့ တပ်စုမှူး ကျော်ကြီး(ခ)ကျော်မျိုးသူ (၂၄)နှစ်ဖြစ်ကာ စခန်းသိမ်းနိုင်တဲ့နေ့ ဇွန် ၁၉ရက်နေ့မှာကျဆုံးသွားတာဖြစ်ပြီး ရဲဘော်ကျော်ကြီးမကျဆုံးခင်မှာ တဖက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို “ဟေ့ရောင်တွေ ဘာမှမလုပ်ဘူး လာ၊ လာ။ လက်နက်ချ လက်နက်ချ” ဆိုပြီး အော်ပြောနေတာကိုလည်း တပ်ရင်းကထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။
“အဲ့ဒါက မကျဆုံးမီရိုက်မိထားတဲ့မှတ်တမ်းပါ။ ညကတိုက်ပွဲဖြစ်တဲ့နေရာကို မနက်ရှင်းလင်းရေးသဘောမျိုး သွားရာကနေဖြစ်သွားတာဗျ”လို့ ကျားသစ်နက်တပ်မတော်မြိုင်တပ်ခွဲက ပြောပါတယ်။
အခုကျဆုံးသွားတဲ့ရဲဘော်ဟာ ကန့်ဒေါင့်ရဲစခန်းသိမ်းစစ်ဆင်ရေးမှာ တပ်ရင်းစစ်ကြောင်းရဲ့ ကွန်မန်ဒါတစ်ယောက်လည်းဖြစ်သလို အရင်ကလည်း ပင်လယ်ဘူးမြို့သိမ်းစစ်ဆင်ရေး၊ ကောလင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ရဲဘော်ဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် ကျော်ကြီး(ခ)ကျော်မျိုးသူရဲ့ မိဘကို အခုလ ၂၃ရက်မှာ သွားရောက်ဂုဏ်ပြုခဲ့ကြပြီး ရဲဘော်ကျော်ကြီးရဲ့ ရက်လည်မှာ အရိုးပြာကိုဗိမ္မာန်သွင်းခဲ့တယ်လို့လည်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက မနေ့က ညပိုင်းမှာထုတ်ပြန်ထားပါတယ်။
ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင်အမှတ်(၁၁) တပ်ရင်း(ကျားသစ်နက်တပ်မတော်)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ကာ ၁၈ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
တိုက်ပွဲအတွင်း ABSDF က ရဲဘော် ၃ ဦး၊ ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၁ဦး၊ 96 Soldiers PDF-အညာတပ်ခွဲက ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။



Comments