လက်နက်ကြီးထိပြီး PDFရဲဘော်၊ဇနီးနဲ့ CDMဆရာမအပါအဝင် ၄ ဦးသေဆုံး
- BVJ
- 56 minutes ago
- 1 min read
BVJ/ ဇော် - ဇူလိုင် ၁၇၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာတွင်းကို စစ်ကောင်စီတပ် ၈၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်နဲ့ဇနီးဖြစ်သူ၊ CDM ကျောင်းဆရာမတစ်ဦးနဲ့ ဒေသခံတစ်ဦး စုစုပေါင်း(၄) ဦး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘဲ့ကျေးရွာတွင်းကို စစ်ကောင်စီ ခြေလျှင်တပ်ရင်း ၂၅၈ ကနေ အခုလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်မှာ ၈၀ မမ (၂) လုံးပစ်ခတ်ခဲ့တဲ့အတွက် တစ်လုံးဟာ ဒေသခံနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် မီးငြိမ်းသတ်ဖို့သွားချိန် ၈၀မမ နောက်ထပ်တစ်လုံးထပ်ပစ်တာကြောင့် ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ကောက်ကြီးနဲ့ ဇနီး၊ CDM ကျောင်းဆရာမတစ်ဦးနဲ့ ဒေသခံတစ်ဦးတို့ သေဆုံးခဲ့ရပြီး နောက်ထပ် ဒေသခံ(၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“ရဲဘော်ကောက်ကြီးနဲ့ သူ့ရဲ့ဇနီးက ၁၆ ရက်နေ့မနက် ၄ နာရီလောက်မှာ ဆေးကုသမှုခံယူရင်း ကျဆုံးသွားရတာဖြစ်ပါတယ်။ ပထမတစ်လုံးကတော့ ရွာထဲကိုကျပြီး ပြည်သူ့နေအိမ် မီးလောင်နေတယ်။ အဲ့ဒီမီးကိုငြိမ်းဖို့အတွက် ရဲဘော်တွေလုပ်နေတဲ့အချိန် နောက်ထပ်တစ်လုံး ထပ်ကျလာတယ်။ အဲ့နားမှာ ရဲဘော်ကောက်ကြီးရယ်၊ သူ့ဇနီး မသဇင်ဝေရယ်၊ CDM ကျောင်းဆရာမ မနွေဦးမေရယ်၊ ရွာထဲက ရှင်းလင်းကိုဆိုတဲ့ အသက် (၁၇ )နှစ်အရွယ်ကလေးရယ် လေးယောက်ရှိနေတာ။ ကျန်တဲ့ သုံးယောက်ကတော့ လက်နက်ကြီးပစ်လို့ လုံခြုံတဲ့နေရာကိုသွားဖို့ လုပ်ရင်း ထိသွားတာပါ။ ရဲဘော်ကောက်ကြီးကတော့ မီးငြိမ်းသတ်ဖို့သွားရင်း ထိသွားတာပါ” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Burma VJ ကိုပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကိုလည်း ဆေးဝါးကုသမှုပေးထားပြီး ပြည်သူလူထုကို ကာကွယ်ရင်းကျဆုံးခဲ့ရတဲ့ ရဲဘော်နဲ့ ဇနီးဖြစ်သူတို့ကို စစ်ဓလေ့ထုံးစံနဲ့အညီ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း ဒေသခံနေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီး နွား လေးကောင်သေဆုံးခဲ့ပါတယ်။
ပုံစာ-ကျဆုံးသွားသည့် ရဲဘော်ကောက်ကြီး(ဓါတ်ပုံ-ရေစကြို ပကဖ)
Comments