ရန်ကုန်မှာ ရဲတွေလက်က ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်သွားတဲ့သူတွေကို ပြန်ဖမ်းမိ ၊ ပီဒီအက်ဖ်တွေနဲ့ မဆိုင်ဟု နီးစပ်သူ ပြော
- BVJ

- Jul 4
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၊ ၂၀၂၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးကို ရဲတွေလက်ကနေ ကယ်ထုတ်သွားသူတွေကို ဒီနေ့မနက်မှာ ပြန်ဖမ်းမိပြီလို့ စစ်ကောင်စီလက်အောက်ခံ ချန်နယ်တွေမှာ တပြိုင်ထဲဖော်ပြလာကြပါတယ်။
ဒါပေမယ့် ဒီအဖွဲ့ဟာ စစ်ကောင်စီမီဒီယာတွေမှာ ပါသလို ပီဒီအက်ဖ်တွေမဟုတ်ဘဲ အခြားသူတွေသာ ဖြစ်တယ်လို့ ရန်ကုန်မြေအောက်လှုပ်ရှားမှုတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ စွဲချက်တင်ခံထားရတဲ့ မဇွန်ပွင့်လှိုင်ဟာ အရေးပေါ် နာမကျန်းဖြစ်တာကြောင့် လှိုင်သာယာမြို့နယ်ဆေးရုံကို ဒုရဲအုပ်နှစ်ယောက်နဲ့ မနေ့က ည ၇ နာရီခွဲ အချိန် ခေါ်ဆောင်လာချိန်မှာ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်မှာ အသင့်စောင့်နေတဲ့ သူတွေက ရဲတွေကိုသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခံထားရသူကို ကားနဲ့တင်ဆောင် ကယ်ထုတ်သွားတာဖြစ်ပါတယ်။
PDF အဖွဲ့တွေ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒုရဲအုပ်အမျိုးသားသေဆုံးသလို အမျိုးသမီးဒုရဲအုပ်ဟာလည်း ပခုံးမှာသေနတ်ဒဏ်ရာခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရသူဟာ စစ်ကောင်စီနဲ့ရင်းနှီးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု နဲ့ နီးစပ်တယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် BVJ ကတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပက်သက်နေသူတွေကို ဖမ်းဆီးမိရင် အလုံပိတ်စစ်ကြောရေးစခန်းတွေမှာ ပြင်းပြင်းထန်ထန် စစ်ဆေးလေ့ရှိပြီး ဆေးဝါးကုသမှုလည်း အလုံအလောက်ပေးလေ့မရှိတဲ့အချိန်မှာ အစောင့်ရဲတပ်သားလိုက်ပါခြင်း မရှိဘဲ အရာရှိအဆင့်တစ်ဦးသာမက နှစ်ဦး ထိလိုက်ပါပြီး တရားခံကို ဆေးခန်းကိုလိုက်ပို့တယ်ဆိုတဲ့ အချက်ကလည်း ထူးခြားနေကြောင်း စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေသူတဦးက ဆိုပါတယ်။
အဲ့ဒီကယ်ထုတ်သူတွေနဲ့အတူ မဇွန်ပွင့်လှိုင်ကို ဒီနေ့ မနက်ပိုင်းမှာ သန်လျင်မြို့နယ်မှာ ပြန်လည်ဖမ်းမိပြီလို့ ဓာတ်ပုံတွေနဲ့တကွ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြလာကြတာပါ။ပြန်ဖမ်းမိပြီလို့ဖော်ပြချိန်မှ ပစ္စတိုသေနတ် နှစ်လက်၊ ကျည်ဆံတွေနဲ့အတူပါဝင်တယ်လို့ ဖော်ပြပါတယ်။







Comments