ထိုင်းဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ ဆန္ဒပြနေ
- BVJ

- Jun 28, 2025
- 1 min read
BVJ/Moore _ ဇွန် ၂၈ ၊ ၂၀၂၅

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ရာထူးကနေ နုတ်ထွက်ပေးဖို့ ထိုင်းပြည်သူ ၁၀၀၀ ဝန်းကျင်က ဘန်ကောက်မြို့မှာ ဆန္ဒပြမှုတွေ ဒီနေ့ ဇွန် ၂၈ ရက်က လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုတွင် ဝန်ကြီးချုပ်ပေထုန်တန်ရဲ့ ပြောဆိုမှုကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ဝန်ကြီးချုပ် နုတ်ထွက်ရေးကို ဆန္ဒပြပြည်သူတွေက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ကြီးမားတဲ့ ထိုင်းနိုင်ငံအလံကို လူအများက ကိုင်ဆောင်ထားကြပြီး အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ စုဝေးပြီး ဒီနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်အထိ ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ပေထုန်တန်နဲ့ သူ့ဖခင် သက်ဆင်ရှင်နာဝပ်တို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ပတ်သက်ဆက်နွယ်မှုတွေကို ဆန္ဒပြခေါင်းဆောင်တွေက စင်မြင့်ပေါ်တက်ကာ ပြောဆိုနေပြီး ပေထုန်တန်နဲ့ ဟွန်ဆန်အကြား ပုဂ္ဂိုလ်ရေးဖုန်းပြောဆိုမှုအသံဖိုင် ပေါက်ကြားလာပြီးနောက် ပေထုန်တန်ဟာ နိုင်ငံကို သစ္စာဖောက်သူဖြစ်တယ်လို့လည်း ဆန္ဒပြခေါင်းဆောင် Rosana Tositrakul က စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဆန္ဒပြပြည်သူတွေ စုရုံးရာနေရာကို ထိုင်းအာဏာပိုင်တွေက အထူးစောင့်ကြပ်မှုတွေ လုပ်ဆောင်နေပြီး လူနာတင်ယာဉ်တွေ အသင့်ထားရှိကာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းနိုင်ဖို့ မိုင်းရှာဖွေရေးအဖွဲ့တွေက K9 ခွေးတွေနဲ့အတူ အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင်နေရာမှာ လုံခြုံရေးစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။



Comments