မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဆူရပ်ဂျ် ရဲစခန်းမှာ လာရောက်အဖမ်းခံ

အီးကေ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူနဲ့ Bright Future အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကိုဗီရ ဆန်ထောင်း (ခေါ်) ဆူရပ်ဂျ် ဂီရီ (Veera Saengthong / Suraj Giri)ဟာ ထိုင်းနိုင်ငံ၊ကန်ချနဘူရီမြို့က အထူးသတင်းတပ်ဖွဲ့ (Special Branch Police) ထံမှာ ဒီနေ့လာရောက် အဖမ်းခံခဲ့ပါတယ်။
အဲ့ဒီနောက် ရဲတပ်ဖွဲ့ကသူ့ကိုဆက်လက်စစ်ဆေးမေးမြန်းဖို့နဲ့ တရားစွဲဆိုနိုင်ဖို့အတွက် မြောင်ကန်ချနဘူရီ မြို့မရဲစခန်း (Mueang Kanchanaburi Police Station) က စုံစမ်းစစ်ဆေးရေး အရာရှိတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Bright Future အဖွဲ့ခေါင်းဆောင် ကိုဆူရတ် (ခေါ်) ဝီရာဆဲန်ထောင်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းနိုင်ငံအတွင်း နေပြည်တော်ကဖွင့်လှစ်ထားတဲ့ CI စင်တာတွေ ဖျက်သိမ်းရေးနဲ့ မြန်မာအာဏာပိုင်တွေရဲ့ အလုပ်သမားဆိုင်ရာမူဝါဒတွေကိုကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက်ပိုင်းမှာ အခုလိုမွေးစာရင်းပယ်ဖျက်ခံခဲ့ရတာဖြစ်သလို တိုင်ကြားချက်တွေကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း သူ့ရဲ့ထိုင်းမှာနေထိုင်ခွင့်အထောက်အထားတွေကို ပြန်လည်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကန်ချနဘူရီခရိုင် တရားရုံးရဲ့ဖမ်းဝရမ်းထဲမှာတော့ သူ့ကိုထိုင်းနိုင်ငံသား မဟုတ်ဘဲ အိမ်ထောင်စုစာရင်းနဲ့ တခြားအရပ်ဘက်မှတ်ပုံတင် စာရွက်စာတမ်းတွေမှာ ကိုယ်တိုင် ဒါမှမဟုတ် တခြားသူတွေရဲ့ နာမည်နဲ့ အချက်အလက်တွေပါဝင်အောင် တရားမဝင်ပြုလုပ်မှု၊ အတုအယောင် သက်သေအထောက်အထားတွေ ဖန်တီးအသုံးပြုတင်ပြမှု စွဲချက်တွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အခုလို မွေးစာရင်း (Tor.R.20/1)ကိုရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲသက်ရောက်မှုအနေနဲ့ ဒီမွေးစာရင်းနဲ့ချိတ်ဆက်ထားတဲ့ အိမ်ထောင်စုစာရင်း (Tor.R.14 သို့မဟုတ် Thor.R.38) ပါ အချက်အလက်တွေနဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင် လျှောက်ထားမှုတွေကိုပါ လုပ်ထုံးလုပ်နည်းအရဆိုင်းငံ့တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ခရက်ဒစ်-Prachatai news



Comments