တော်လှန်ရေးထဲမှာရှင်သန်နိုင်ရေး စစ်ရေးနဲ့တိုက်ခိုက်ရေးစွမ်းရည် အစွမ်းကုန်မြှင့်တင်ထားဖို့ ULA/AAပြော

မိုနာ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ထဲမှာ စစ်ရေးစွမ်းရည်၊တိုက်ခိုက်ရေးစွမ်းရည်တို့ကို တတ်နိုင်သလောက်အစွမ်းကုန်မြှင့်တင်ထားနိုင်မှသာ တော်လှန်ရေးထဲမှာရှင်သန်နိုင်ပြီး ရည်မှန်းချက်တွေအထမြောက်နိုင်မယ်လို့ ULA/AAက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၁၆ရက်မှာကျရောက်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည့်သူ့တပ်မတော် CPU/CPAဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ULA/AAက ဂုဏ်ပြုသဝဏ်လွှာပေးပို့ရင်း ထည့်သွင်းပြောလိုက်တာပါ။
စစ်ရေးစွမ်းရည်နဲ့တိုက်ခိုက်ရေးစွမ်းရည်တို့မှာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိခဲ့တဲ့ CPU/CPAအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ စစ်ရေး၊နိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံးအထမြောက်အောင်မြင်နိုင်ဖို့ကိုလည်း ဆုတောင်းပေးထားပါတယ်။
အောင်မြင်မှုတွေကိုလည်းဆက်ထိန်းထားနိုင်ပြီး စည်းကမ်းကောင်းပြီးအမိန့်နာခံမှုကောင်းတဲ့ တပ်မတော်၊ စစ်အင်အား၊ စစ်လက်နက်ခဲယမ်း၊တစ်သွေးတစ်သံတစ်မိန့်နဲ့စည်းလုံးညီညွတ်မှုကို အကောင်းဆုံးတည်ဆောက်ထားကြဖို့ကိုလည်း ULA/AAကတိုက်တွန်းထားပါတယ်။
ဒါ့အပြင် ခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးခရီးထဲမှာ မိမိတို့တတ်နိုင်တာတွေကို အိမ်နီးချင်းမိတ်ဆွေကောင်း၊မိတ်ဖက်ကောင်း၊ညီရင်းအကိုစိတ်ဓါတ်နဲ့ ဆက်လက်ပံ့ပိုးကူညီပေးသွားပြီး စစ်အုပ်စုရဲ့ထိုးစစ်တွေကို ဟန်ချက်ညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ ULA/AAက CPU/CPAကို ပြောထားပါတယ်။

CPU/CPAကလည်း ကူညီပံ့ပိုးနေကြတဲ့ ပြည်သူတွေနဲ့အတူ မိမိတို့ကို ဘက်ပေါင်းစုံကကူညီပေးနေတဲ့ မဟာမိတ် ULA/AAနဲ့ လက်ရှိမြေပြင်မှာ အတူတကွတိုက်ပွဲဝင်နေကြတဲ့ ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း မနေ့က နိုဝင်ဘာ ၁၆ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
CPU/CPAရဲ့တစ်နှစ်ပြည့်အခမ်းအနားကို အရှိုအမျိုးသားအဖွဲ့ချုပ်-ANO၊ PDF Zoland၊ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၊ ချိုးလူမျိုးစုအသင်း၊ ယောကာကွယ်ရေးတပ်-YDF၊ ယောတပ်တော်-YAစတဲ့ တော်လှန်ရေးတပ်တွေကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။


Comments