ချင်းပြည်အတွက် AAနဲ့ ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေက ဘက်ပေါင်းစုံကကူညီပေးနေဟု ချင်းပြည်သူ့တပ်မတော်ထုတ်ပြန်

မိုနာ/BVJ_နိုဝင်ဘာ ၁၆၊ ၂၀၂၆

မိမိတို့ကို ဘက်ပေါင်းစုံကကူညီပေးနေတဲ့ မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)နဲ့ လက်ရှိမြေပြင်မှာ အတူတကွတိုက်ပွဲဝင်နေကြတဲ့ ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည့်သူ့တပ်မတော်(CPU/CPA)က ဒီနေ့မှာထုတ်ပြန်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၆ရက်မှာကျရောက်တဲ့ CPU/CPAဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်နေ့မှာ ထုတ်ပြန်တဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
ပြီးခဲ့တဲ့နှစ် ၂၀၂၆၊ဖေဖော်ဝါရီလအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ဖိတ်ကြားမှုနဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ရခိုင်ခဒေသကိုသွားရောက်ခဲ့ပြီး ULA/AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ကြသေးပါတယ်။

CPU/CPAရဲ့ကြေညာချက်ထဲမှာ တစ်နှစ်အတွင်းမှာ ကျဆုံးသွားတဲ့ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူကြတဲ့ ရဲဘော်၊ရဲမေတွေနဲ့ လက်ရှိစစ်မြေပြင်မှာ ချင်းလူမျိုးတွေရဲ့ဘိုးဘွားပိုင်မြေကို သူရသတ္တိပြည့်စုံစွာနဲ့ ခုခံကာကွယ်နေကြတဲ့ ချင်းပြည်သူ့တပ်မတော် ရဲဘော်တွေနဲ့တကွ အတူတိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်တွေအားလုံးကို ဂုဏ်ပြုဦးညွတ် အလေးပြုကြောင်းဖော်ပြထားပါတယ်။
ပြီးတော့ ချင်းပြည်ကို ဒီနေ့အထိကြံ့ကြံ့ခံ ခုခံကာကွယ်နိုင်ဖို့အတွက် ငွေကြေး၊အချိန်၊လုပ်အားတို့နဲ့တက်ကြွစွာပူးပေါင်းပါဝင်ကြတဲ့ ဒေသခံပြည်သူလူထုကို အထူးဂုဏ်ယူကျေးဇူးတင်ရှိကြောင်းနဲ့ လက်ရှိခုခံစစ်အတွင်းမှာလည်း ငွေရေးကြေးရေး၊ ဆေးဝါးရိက္ခာတွေပေးလှူနေကြတဲ့ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ဆက်လက်ကူညီ ပံ့ပိုးပေးကြဖို့ကိုမေတ္တာရပ်ခံထားပါတယ်။
CPU/CPAအနေနဲ့လည်း ချင်းပြည်သူလူထုလိုလား တောင့်တနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အမျိုးသားတန်းတူရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိတဲ့အထိ ရည်မှန်းချက်တူညီတဲ့ မဟာမိတ်တော်လှန်းရေး အင်အားစုတွေနဲ့အတူ လက်တွဲကာ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
ချင်းတောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်နယ်မြေတွေကို CPUကထိန်းချုပ်ထားတာဖြစ်ပြီး မင်းတပ်၊ကန်ပက်လက်နဲ့၊ကျင်ဒွေးမြို့တို့ကို စစ်တပ်ဘက်က စက်တင်ဘာလထဲက အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာကြောင့် CPUအပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ လက်ရှိမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။



Comments