top of page

ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင် ရှင်းလင်းခံရမှုမှာ အသုံးပြုခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သက်သေပြတဲ့သေနတ်ဟာ ကလေးကစားစရာ သေနတ်တလက် ဖြစ်နေ

  • Writer: BVJ
    BVJ
  • Jun 8
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၈ ၊ ၂၀၂၅

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ သက်သေခံပစ္စည်းတွေထဲက သေနတ်တစ်လက်
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ သက်သေခံပစ္စည်းတွေထဲက သေနတ်တစ်လက်

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ရှင်းလင်းခံရမှုမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ သက်သေခံပစ္စည်းတွေထဲက သေနတ်ဟာ သေနတ်အစစ်မဟုတ်ဘဲ အပျော်တမ်းသုံး ကစားစရာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာလက်နက်တွေနဲ့ပတ်သက်ပြီး သုံးသပ်ဖော်ပြနေတဲ့ Tactical Raptor စာမျက်နှာမှာ ဖော်ပြထားပါတယ်။


သက်သေခံပစ္စည်းအဖြစ် စစ်ကောင်စီ ထုတ်ပြန်ခဲ့တဲ့သေနတ်ဟာ CO2 gas ထည့်ပစ်ရတဲ့ Airsoft gun ကစားစရာသေနတ်အမျိုးအစားဖြစ်ပြီး သေနတ်ဝါသနာပါသူအချို့ ဝါသနာအရ စုဆောင်း တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီသေနတ်အမျိုးအစားကို တချို့စစ်တပ်တွေမှာ လေ့ကျင့်ရေး အတွက် သုံးကြတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။


လုပ်ကြံသူတွေလို့ ဇွန်လ ၅ ရက်နေ့မှာ စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ခဲ့တဲ့သူတွေထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်နေပါတယ်။ တရားခံလို့စွပ်စွဲခံထားရသူတွေဟာ သူတို့အဖွဲ့ ဝင်တွေမဟုတ်သလို အပြစ်မဲ့ပြည်သူတွေသာဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင် ရှင်းလင်းရေးလုပ်ဆောင်ခဲ့တဲ့ Golden Valley Warriors တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။ ရှင်းလင်းရေးကို တကယ်လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေဟာ အခုအချိန်ထိ ဘေးကင်းလုံခြုံတဲ့နေရာမှာရှိနေကြတယ်လို့ Golden Valley Warriors တပ်ဖွဲ့က အတည်ပြုပါတယ်။


စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားထားရတဲ့ ဗိုလ်မှူးချုပ်ဟောင်း၊ သံအမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဘာသာ သင်ကြားပေးနေတဲ့ ချိုထွန်းအောင် ရှင်းလင်းခံခဲ့ရမှုပတ်သက်ပြီး လုံခြုံရေးချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်း တိုင်းမှူးကို စစ်ခေါင်းဆောင်က ဖိအားပေးခဲ့တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်ကလည်း Burma VJ ကို ပြောပါတယ်။

CO2 catridge သုံးတဲ့ airsoft gun နမူနာပုံ (Tactical Raptor 2.0 ဖော်ပြချက်မှ)
CO2 catridge သုံးတဲ့ airsoft gun နမူနာပုံ (Tactical Raptor 2.0 ဖော်ပြချက်မှ)

“ဗိုလ်မှူးချုပ် ချိုထွန်းအောင် ရှင်းလင်းခံရတဲ့ကိစ္စမှာ တရားခံကိုသာ မဖမ်းနိုင်ဘူးဆိုရင်၊ အချိန်ကြာခဲ့မယ်ဆိုရင် တိုင်းမှူးတောင် ပြုတ်သွားနိုင်ချေရှိတယ်။ သူ့ကို (ချိုထွန်းအောင်) ပစ်တာ ၇ ချက်၊ ကျည်ဆံအခွံတွေကိုလည်း သူတို့တွေရရှိထားတယ်။ တကယ်တမ်းဆို တကယ် သေသေချာချာ ပိပိရိရိနဲ့ ဒီကျည်ခွံအမျိုးအစားကိုကြည့်ပြီဆိုတာနဲ့ သေနတ်အမျိုးအစားကို အနီးစပ်ဆုံး ခန့်မှန်းလို့ရပါတယ်” လို့ ဆိုပါတယ်။


ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို Golden Valley Warriors တပ်ဖွဲ့က ရှင်းလင်းချိန် သေနတ်နဲ့ ၇ ချက်ပစ်ခဲ့ပေမဲ့ ၄ ချက်ထိမှန်ကာ ၁ ချက်က ကျည်ကျော်သွားပြီး ၂ ချက်က ကျည်အ,သွားပြီး ကျည်ခွံ ၅ ခုနဲ့ ကျည်ဆံ ၂ တောင့်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိထား ပြီးဖြစ်တာကို သိရှိထားတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။


စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံထဲက သေနတ်ဟာ အပျော်တမ်းကစားစရာ သေနတ် ဖြစ်တယ်ဆိုတာကို Magazine (ကျည်ကတ်) ကိုကြည့်ပြီး သိနိုင်တယ်လို့ Tactical Raptor ကလည်း ဖော်ပြထားပါတယ်။ ကျည်ကတ်မှာ သတ္တုရောင် ဆလင်ဒါလေးတစ်ခုပါနေပြီး CO2 catridge တစ်ခုဖြစ်ကာ CO2 gas ထည့်ပစ်ရတဲ့အပျော်တမ်းသေနတ်အမျိုးအစားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။


Airsoft gun က အမျိုးအစားနှစ်ခုရှိပြီး ဘက်ထရီထည့်ပစ်ရတဲ့ Automatic Electric Gun (AEG) နဲ့ Gas ထည့်ပစ်ရတဲ့ Gas Blow Back (GBB) ဆိုပြီး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page