အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီဖမ်းဆီးထားတာ ဖြစ်ပြီး ရဲဘော်တွေဘေးကင်းလုံခြုံကြောင်း Golden Valley Warriorsတပ်ဖွဲ့ပြော
- BVJ

- Jun 6
- 1 min read
BVJ/မိုနာ_ ဇွန် ၆၊ ၂၀၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ အငြိမ်းစားဗိုလ်မှူးချုပ်၊သံအမတ်ဟောင်း ချိုထွန်းအောင် ပစ်သတ်ခံရမှုမှာလုပ်ကြံသူတွေဆိုပြီး အသက်ခြောက်နှစ်ကလေးငယ် အပါအဝင် အမျိုးသား ၁၃ဦးနဲ့ အမျိုးသမီး ၃ဦး စုစုပေါင်း ၁၆ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက မနေ့ကညပိုင်းမှာ ကြေညာပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ ခြောက်နှစ်ကလေးငယ် မလင်းလက်ရွှေကို မိဘတွေဖြစ်တဲ့ ၂၈ နှစ်အရွယ် ကိုမျိုးကိုကို (ခ) စိုင်းကိုကို (ခ) ဇင်မင်းထက် (ခ) လင်းလက်ဇော်နဲ့ အသက် ၂၄ နှစ်အရွယ် မပြုံးပြုံးတို့နဲအတူ ပုဂံညောင်ဦးမြို့နယ်မှာ ဖမ်းဆီးမိတာလို့ စစ်ကောင်စီကဖော်ပြပါတယ်။
လုပ်ကြံသတ်ဖြတ်ရာမှာပါဝင်ပြီး ဖမ်းဆီးဖို့ကျန်နေသူဖြစ်တဲ့ ကိုချစ်ကိုကို (ခ)ကျော်ကြီးရဲ့ ဇနီးဖြစ်သူ အသက် ၄၀အရွယ် မမြင့်မြင့်ထွေးနဲ့ သားဖြစ်သူ ၁၈နှစ်အရွယ် အောင်ကိုကိုချစ်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ စက်ဘီးကို သုံးဘီးယာဉ်တစ်စီးပေါ် တင်ဆောင်သွားတာကိုတွေ့ရှိကြောင်း သတင်းပေးချက်အရ စုံစမ်းဖော်ထုတ်ရာကနေ မေလ ၂၃ ရက်နေ့မှာ သုံးဘီးယာဉ်မောင်းကို အဲ့ဒီစက်ဘီးနဲ့အတူ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဖမ်းမိခဲ့ပြီး အဲ့ဒီကနေဆက်စပ်ကာ နောက်ထပ်ဆက်စပ်ပါဝင်သူတွေကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဦးချိုထွန်းအောင်ကိုလုပ်ကြံမှုအတွင်း သေနတ်ကျည်ပေါက်ထွက်ပြီးဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့တဲ့ကိုမျိုးကိုကို ကိုဆေးကုသပေးခဲ့တဲ့ ရန်ကုန်၊ သာကေတမြို့နယ်ရှိ လင်းအထူးကုဆေးရုံက ဆရာဝန်နဲ့ ပိုင်ရှင်ဆရာဝန်တို့ကိုလည်းစစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။
ခြောက်နှစ်ကလေးငယ်အပါအဝင် ဖမ်းဆီးထားသူ ၁၆ဦးနဲ့ပတ်သက်ပြီး Golden Valley Warriorsတပ်ဖွဲ့ဝင် တစ်ဦးက “ကျွန်တော်တို့ထူးထူးခြားခြား ဖြေဆိုစရာမရှိပါဘူး။ အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ် ။ ရဲဘော်တွေအားလုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်” လို့ Burma VJကို ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာ သိသာထင်ရှားတဲ့ကွဲလွဲချက် ခြောက်ချက်ရှိပြီး အဲ့ဒီထဲမှာ CCTVထဲပါတဲ့စက်ဘီးဟာ ငွေရောင် ဘထ္ထရီနှစ်လုံးတပ်ဖြစ်ပြီး အခုထုတ်ပြန်ထားတဲ့ပုံဟာ အဖြူရောင် ဘထ္ထရီသုံးလုံးတပ်ဖြစ်နေကြောင်းနဲ့ ဖမ်းမိတယ်လို့တင်ထားတဲ့သေနတ်ဟာ အစစ်မဟုတ်ဘဲ propane gasနဲ့ပစ်ရတဲ့ ကော်စေ့သေနတ်ဖြစ်တာကိုလည်း တွေ့ရတယ်လို့ Golden Valley Warriorsတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အခုဖမ်းမိတဲ့ ကိုမျိုးကိုကိုဟာ ၂၀၂၃ ခုနှစ်အတွင်း လုပ်ကြံမှုကြောင့်သေဆုံးခဲ့တဲ့ ဥပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသန်းထွန်း၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ၂၀၂၄ခုနှစ်မှာ လှိုင်သာယာအနောက်ပိုင်းမှာ မစဖအဖွဲ့ဝင်(၂)ကို လုပ်ကြံသတ်ဖြတ်ခံတဲ့ဖြစ်စဉ်တွေ အတွင်းမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ လုံခြုံရေးဆိုင်ရာဘာသာရပ်သင်ကြားပေးနေသူ ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်ရှိ နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
အခု ၁၆ဦးကို ဖမ်းမိထားပေမယ့် Golden Valley Warriorsအဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ကျန်နေသေးပြီး ဒါတွေအားလုံးကိုစေခိုင်းသူဟာ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဖြစ်တယ်လို့လည်း စစ်ကောင်စီက ဝါဒဖြန့်ဖော်ပြထားပါတယ်။











Comments