လုပ်ကြံမှုနဲ့ဆက်စပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေးကို စစ်ကောင်စီဖမ်းဆီးထားမှု နိုင်ငံတကာသတင်းတွေမှာ အလေးပေးဖော်ပြ
- BVJ

- Jun 6
- 1 min read
BVJ/ထက်အောင် _ ဇွန် ၆ ၊ ၂၀၂၅

အသက် ၆ နှစ်ရွယ် ကလေးငယ်တစ်ဦးကို လုပ်ကြံမှုနဲ့ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီက မတရားစွပ်စွဲဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းများက အလေးပေးဖော်ပြထားကြပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားထားရတဲ့ သံအမတ်ဟောင်းလည်းဖြစ် ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်တဲ့ ချိုထွန်းအောင် သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး လုပ်ကြံခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇွန် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသူတွေလို့ စစ်ကောင်စီက စွပ်စွဲထားသူတွေထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ် လင်းလက်ရွှေနဲ့ သူမရဲ့မိခင်ဖြစ်သူ အသက် ၂၄ နှစ်အရွယ် မပြုံးပြုံးတို့ကိုလည်း ပါဝင်ပတ်သက်သူလို့စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၆ နှစ်အရွယ် ကလေးငယ်ကို စစ်ကောင်စီ မတရားဖမ်းဆီးခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနကြီးတွေဖြစ်တဲ့ Reuters ၊ The Independent ၊ AFP ၊ Bangkok Post စတဲ့ သတင်းဌာနကြီးအပါအဝင် သတင်းဌာနအများအပြားကလည်း ဖော်ပြထားကြပါတယ်။
စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထားသူတွေထဲမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့လည်း ပါဝင်နေပါတယ်။ လက်ရှိ စစ်ကောင်စီစွပ်စွဲဖမ်းဆီးထားသူတွေဟာ အပြစ်မဲ့ပြည်သူတွေသာဖြစ်ပြီး Golden Valley Warriors ရဲဘော်တွေမဟုတ်ဘူးသလို ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို ရှင်းလင်းခဲ့တဲ့ ရဲဘော်တွေ ဘေးကင်းလုံခြုံရာနေရာမှာ ရှိနေတယ်လို့ Golden Valley Warriors တပ်ဖွဲ့ဝင်တစ်ဦးကလည်း Burma VJ ကို ဖြေကြားထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ လုံခြုံရေးဆိုင်ရာဘာသာရပ်သင်ကြားပေးနေသူ ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်ရှိ နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
အခု ၁၆ဦးကို ဖမ်းမိထားပေမယ့် Golden Valley Warriorsအဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ကျန်နေသေးပြီး ဒါတွေအားလုံးကိုစေခိုင်းသူဟာ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဖြစ်တယ်လို့လည်း စစ်ကောင်စီက ဝါဒဖြန့်ဖော်ပြထားပါတယ်။






Comments