ထရမ့်ကထောက်ခံပေမဲ့ ဂျန်ဆန်ကိုရာထူးပြန်ပေးရေးလှုပ်ရှားမှုကို Nvidiaပယ်ချ

သူရ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် မဟာမိတ်တွေက ဂျန်ဆန်ဟွမ်ကိုရာထူးပြန်ပေးဖို့ထောက်ခံနေကြပေမဲ့ Nvidia ကုမ္ပဏီဘက်ကတော့ ဒီလှုပ်ရှားမှုကိုပယ်ချလိုက်ပါတယ်။
တနင်္လာနေ့က သမ္မတထရမ့်က ဟွမ်ကိုရာထူးပြန်ခန့်မယ်ဆိုရင် "သူ့အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပါဘူး"လို့ပြောကြားခဲ့ပြီး "ဂျန်ဆန်ကို ပြန်ခေါ်ကြစို့" (Bring Jensen Back)လှုပ်ရှားမှုကို ထောက်ခံသူတွေ စာရင်းထဲပါဝင်လာခဲ့တာပါ။ SpaceX က အီလွန်မတ်စ်နဲ့ Fortnite ဂိမ်းထုတ်လုပ်တဲ့ Epic Games ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ဆွင်းနီးတို့ အပါအဝင် နည်းပညာလောကက လုပ်ဖော်ကိုင်ဖက်သူဌေးတွေကလည်း ဟွမ်ပြန်လာရေးကို ထောက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ်သူလျှိုလို့ သံသယရှိခံရသူတစ်ဦးအပါအဝင် အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်ခုရှိခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့ အပတ်ကရာထူးကနေနုတ်ထွက်သွားတဲ့ ဟွမ်ကိုပြန်ခေါ်ဖို့ AI ချစ်ပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီကြီးရဲ့ ဒါရိုက်တာအဖွဲ့က စိတ်ဝင်စားမှုမရှိဘူးလို့ BBCကသိရှိခဲ့ရပါတယ်။
တချိန်တည်းမှာပဲ တနင်္လာနေ့မှာ ထရမ့်အစိုးရက Nvidiaလိုကုမ္ပဏီတွေဆီကနေ တရုတ်နိုင်ငံက AI ချစ်ပ်ပြားတွေရယူနိုင်မှုအပေါ် ပိုမိုတင်းကျပ်စွာကန့်သတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အခုလို အရှုပ်တော်ပုံသတင်းတွေကြောင့် AI နည်းပညာနဲ့တရုတ်ကို လွှမ်းမိုးနိုင်ဖို့ အမေရိကန်ရဲ့ယှဉ်ပြိုင်မှုမှာ အဓိကကျတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီကြီးတစ်ခုအတွက် အကျပ်အတည်းဖြစ်ပေါ်စေခဲ့ပါတယ်။ သူ နုတ်ထွက်သွားကတည်းက ထောက်ခံသူတွေဟာ သူ့ကို ရာထူးပြန်ပေးဖို့ အွန်လိုင်းကနေလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ စတင်ခဲ့ကြတာပါ။
ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေချိန်မှာ ဟွမ်ကို ရာထူးပြန်ခန့်ထားဖို့ ဒါရိုက်တာအဖွဲ့ကိုတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးထားသူ ၁ သိန်း ၇ သောင်း ၅ ထောင်ကျော်ထဲမှာ မတ်စ်နဲ့ ဆွင်းနီးတို့လည်း ပါဝင်ပါတယ်။ "ဂျန်ဆန်နှင့်အတူ ရပ်တည်ကြစို့" (Stand with Jensen) လှုပ်ရှားမှုကို လက်ရှိနဲ့ ယခင် Nvidia ဝန်ထမ်းတွေ၊ မိတ်ဖက်တွေ၊ အစုရှယ်ယာရှင်တွေနဲ့ထောက်ခံသူတွေ စုပေါင်းစတင်ခဲ့တာဖြစ်တယ်လို့ဆိုပြီး အမှုဆောင်အရာရှိချုပ်ဟောင်းကို ပြန်ခေါ်ပေးဖို့ အားလုံးကတောင်းဆိုနေကြတာဖြစ်ပါတယ်။ Nvidia စီအီးအိုဟောင်းဟာ "သင့်တင့်လျောက်ပတ်တဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် မရှိဘဲ ဖယ်ရှားခံခဲ့ရတယ်"လို့ သူတို့ကစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
သမ္မတထရမ့်က တနင်္လာနေ့မှာ ဟွမ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကိုပြောကြားရာမှာ စီအီးအိုဟောင်းကို ရာထူးပြန်ပေးတာကို မြင်တွေ့ရဖို့ "ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"လို့ဆိုပါတယ်။ "သင်ခန်းစာတစ်ခုက တခြားတစ်ခုထက်ပိုအရေးကြီးချင်ကြီးနိုင်ပေမဲ့ အဲဒီလိုပြန်မြင်ရတာကိုတော့ ကျွန်တော်ဘာမှစိတ်ထဲမရှိပါဘူး"လို့ သူက အိမ်ဖြူတော်ကနေထွက်ခွာချိန်မှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ထရမ့်အစိုးရဟာ တရုတ်ကုမ္ပဏီတွေအနေနဲ့ AI မော်ဒယ်တွေကို လေ့ကျင့်ပေးဖို့ အဆင့်မြင့် AI ချစ်ပ်ပြားတွေ အသုံးပြုခွင့်ရနေတဲ့ ပြည်ပ ဒေတာစင်တာတွေဆီ ချစ်ပ်ပြားတင်ပို့မှုအပေါ် ကန့်သတ်ချက်အသစ်တွေကိုလည်း တနင်္လာနေ့မှာထုတ်ပြန်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ အခုသီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ မတွေ့ဆုံမီ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စည်းမျဉ်းသစ်တွေအရ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရာဇီးနိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ အဆင့်မြင့်ဆုံးချစ်ပ်ပြားတွေကို တရုတ်နိုင်ငံဆီ တရားမဝင် လမ်းကြောင်းလွှဲတင်ပို့တာမျိုးလျှော့ချနိုင်ဖို့ အမေရိကန်ရဲ့ ပို့ကုန်လိုင်စင် လျှောက်ထားရမှာဖြစ်ပါတယ်။
တရုတ်သူလျှိုလို့စွပ်စွဲခံထားရတဲ့ အဲလစ်စ်ဟွမ်နဲ့ပတ်သက်တဲ့ အချစ်ရေးသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ဟွမ်အနေနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမဲ့ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Nvidia အမှုဆောင်အရာရှိ တစ်ဦးနဲ့ ဒုတိယမြောက်အိမ်ထောင်ရေးဖောက်ပြန်မှု ထပ်မံပေါ်ပေါက်လာပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ သူနုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
Financial Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ နည်းပညာသူဌေးဟာ Nvidiaကိုပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သူ့ရဲ့လူယုံတွေနဲ့ဆွေးနွေးနေပေမဲ့ Nvidia ဒါရိုက်တာအဖွဲ့ကတော့ သူ့ကိုပြန်ခန့်ဖို့စဉ်းစားထားခြင်းမရှိပါဘူး။ ဟွမ်ရဲ့ ကိုယ်စားလှယ်ကတော့ ဒီသတင်းအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး သူ့ရဲ့ အနီးကပ်အဖွဲ့ကတော့ အိမ်ဖြူတော်ဆီကနေလည်းထောက်ခံမှုရရှိဖို့ လိုလားနေပါတယ်။
အရှုပ်တော်ပုံစတင်ပေါ်ပေါက်ချိန်ကစပြီး သမ္မတထရမ့်ဟာ ဟွမ်အပေါ် ချီးကျူးပြောဆိုခဲ့သလို၊ Nvidia စီအီးအိုဟောင်းက သူ့ကို "သူမဟာ သူလျှိုမှန်း လုံးဝမသိခဲ့ပါဘူး" လို့ ပြောတာကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့အမြင်ဟာ Nvidiaအနေနဲ့ နောက်ထပ် အမှုဆောင်အရာရှိချုပ်ကို ကုမ္ပဏီပြင်ပကနေငှားရမ်းဖို့တောင်းဆိုထားတဲ့ သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ရဲ့သဘောထားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
ဒီအရှုပ်တော်ပုံကြောင့် အဲလစ်စ်ဟွမ်ရဲ့ကုမ္ပဏီဟောင်းဖြစ်တဲ့ Megaspeedဆီ အဆင့်မြင့် Nvidia ချစ်ပ်ပြားတွေတင်ပို့ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကြား တင်းမာမှုတွေဖြစ်ပေါ်စေခဲ့သလို အမေရိကန်ရဲ့ ပို့ကုန်ကန့်သတ်ချက်တွေရှိနေတဲ့ကြားက အဲဒီချစ်ပ်ပြားတွေ တရုတ်နိုင်ငံဆီရောက်ရှိသွားနိုင်ခြေ ရှိ၊ မရှိဆိုတဲ့ မေးခွန်းတွေကိုထွက်ပေါ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အဲလစ်စ်ဟွမ်ဟာ သူလျှိုဖြစ်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
'တရုတ်က ကျွန်တော်တို့ကိုကစားနေတော့ ကျွန်တော်တို့လည်းတရုတ်ကို ပြန်ကစားရမှာပေါ့'
တနင်္လာနေ့က ထရမ့်က ဟွမ်နဲ့ပတ်သက်ခဲ့တဲ့ အမျိုးသမီးဟာ တရုတ်သူလျှို ဟုတ်၊ မဟုတ် သူမသိဘူးလို့ပြောကြားခဲ့ပါတယ်။ "သူမက သူလျှိုလို့ သူတို့ပြောကြတယ်။ သူမ သူလျှိုဖြစ်တယ်ဆိုတာ ကျွန်တော် လုံးဝမသိဘူး။ တကယ်ပြောတာပါ၊ ကျွန်တော် မသိပါဘူး" လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီး ထရမ့်က "သိတဲ့အတိုင်းပဲ တရုတ်က ကျွန်တော်တို့ကိုကစားနေတော့ ကျွန်တော်တို့လည်းတရုတ်ကိုပြန်ကစားရမှာပေါ့" လို့လည်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
ဟွမ်ဟာ သူ့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးကိုထိခိုက်စေခဲ့ခြင်း ရှိ၊ မရှိ ဆွေးနွေးဖို့ တရုတ်ရေးရာ အောက်လွှတ်တော် အထူးကော်မတီ အပါအဝင် ကွန်ဂရက်လွှတ်တော်မှာထွက်ဆိုဖို့ သဘောတူညီထားပါတယ်။
တဖက်မှာလည်း ဟွမ် နုတ်ထွက်သွားပြီးနောက် Nvidia ရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ "အရေးကြီး သဘောတူညီချက်တွေ" ဆုံးရှုံးရလိမ့်မယ်လို့ အီလွန်မတ်စ်က အခိုင်အမာပြောဆိုခဲ့သလို၊ Nvidia ရဲ့ အစုရှယ်ယာရှင်တွေကလည်း ဟွမ်ကို ကုမ္ပဏီရဲ့ ဦးဆောင်သူနေရာမှာပြန်လည်မြင်တွေ့လိုကြပါတယ်။
မကြာသေးမီ ရက်ပိုင်းအတွင်း ကုမ္ပဏီရဲ့ စတော့ဈေးကွက် တန်ဖိုး ပေါင်ဘီလီယံ ရာနဲ့ချီလျော့ကျသွားခဲ့ပေမဲ့ လက်ရှိမှာ ဒေါ်လာ ၃ ဒသမ ၈၇ ထရီလီယံခန့် တန်ဖိုးရှိနေဆဲဖြစ်ပြီး တနင်္လာနေ့ အစောပိုင်း အရောင်းအဝယ်မှာတော့ ရှယ်ယာဈေးနှုန်းကျဆင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Nvidia ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ကိုလက်ခရက်စ်က ကုမ္ပဏီကိုဦးဆောင်နေပြီး အင်္ဂါနေ့မှာ ကုမ္ပဏီရဲ့ဘဏ္ဍာရေးရလဒ်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
ခရက်ဒစ်- BBC



Comments