top of page

တီယန်အန်မင်အရေးအခင်းနှစ်ပတ်လည်နေ့ ထိုင်ဝမ်တိုက်တွန်းချက်နဲ့တရုတ်ရဲ့တုံ့ပြန်မှု

  • Writer: BVJ
    BVJ
  • Jun 8
  • 1 min read

အေတီ/BVJ

ဇွန်လ ၄ ရက်နေ့ ဒီနေ့ဟာ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ၊ဘေကျင်းမြို့ တီယန်အန်မင်ရင်ပြင်မှာ ဒီမိုကရေစီအရေးဆန္ဒပြမှုတွေကို တရုတ်စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီနေ့နဲ့ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက တရုတ်နိုင်ငံအနေနဲ့သမိုင်းကြောင်းကို ရင်ဆိုင်ရန်နဲ့အမှန်တရားကို အသိအမှတ်ပြုကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တံခါးဖွင့်ပေးဖို့တိုက်တွန်းခဲ့ပါတယ်။


တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ အဆိုပါဖြစ်စဉ်အတွက်အောက်မေ့ဖွယ်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက မာကိုရူဘီယိဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို “အပုပ်ချခြင်း” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။


၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ ဘေကျင်းမြို့လယ်ရင်ပြင်မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြမှုတွေကိုပစ်ခတ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွင်းမှာ လူသိရှင်ကြားဆွေးနွေးတာတွေမရှိသလို နှစ်ပတ်လည်နေ့ကိုလည်းတရားဝင်ကျင်းပခွင့်မရှိပါဘူး။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီ ရူဘီယို ဗုဒ္ဓဟူးနေ့ကပြောကြားရာမှာ တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုတွေက သူတို့ကျူးလွန်ခဲ့တာတွေကို ဖျောက်ဖျက်နိုင်မှာမဟုတ်ဘူးလို့ အခုလိုပြောပါတယ်။


“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုတဲ့ မွေးရာပါအခွင့်အရေးတွေကို ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြသူတွေအတွက် တနေ့မှာတရားမျှတမှုရလာပါလိမ့်မယ်”လို့ အမေရိကန်ထိပ်တန်းသံတမန်တွေ နှစ်စဉ် နှစ်ပတ်လည်နေ့မှာပြုလုပ်လေ့ရှိတဲ့အတိုင်း ရူဘီယိုရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘေကျင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူ မော်နင်းက “၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေ”နဲ့ပတ်သက်ပြီး “ရှင်းလင်းပြတ်သားတဲ့ကောက်ချက်”ကိုချမှတ်ထားပြီးဖြစ်ကြောင်း တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။


“အမေရိကန်ဘက်က သမိုင်းအချက်အလက်တွေကိုပုံဖျက်ပြီး တရုတ်ရဲ့ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အပုပ်ချနေတဲ့အပေါ် တရုတ်နိုင်ငံကပြင်းထန်စွာကန့်ကွက်ပါတယ် လုံးဝလက်မခံပါဘူး” လို့ ရူ့ဘီယိုရဲ့ထုတ်ပြန်ချက်ကို မော်နင်းကတုံ့ပြန်ခဲ့ပါတယ်။


အမေရိကန်က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအကြောင်းပြပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်းစွပ်စွဲခဲ့ပြီး တရုတ်အစိုးရရဲ့ ဆိုရှယ်လစ်လမ်းစဉ်”ကို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ပြည်ပမှာကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားများ

အဆိုပါနှိမ်နင်းမှုအတွက် အောက်မေ့သတိရတဲ့အထိမ်းအမှတ်ပွဲတွေကို ထိုင်ဝမ်နိုင်ငံ၊တိုင်ပေမြို့ အပါအဝင် ပြည်ပမြို့ကြီးအချို့မှာကျင်းပလေ့ရှိပြီး၊ ထိုင်ဝမ်အစိုးရခေါင်းဆောင်တွေကလည်း တရုတ်နိုင်ငံကိုဝေဖန်ဖို့ အဲ့ဒီနှစ်ပတ်လည်နေ့ကိုအသုံးပြုလေ့ရှိပါတယ်။


ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက သူ့ရဲ့Facebook စာမျက်နှာမှာ အမှန်တကယ် ကြီးကျယ်တဲ့နိုင်ငံတစ်ခုဟာ “စစ်အင်အားကိုမျက်ကန်းတစ္ဆေ ယုံကြည်နေခြင်း သို့မဟုတ် စစ်ဝါဒကိုကျင့်သုံးခြင်း”မပြုသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။


“တရုတ်နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃၇ နှစ်က ဇွန် ၄ ရက်ဖြစ်ရပ်ကိုရင်ဆိုင်ပြီး အမှန်တရားကိုအသိအမှတ်ပြုကာ နာကျင်မှုတွေကိုသက်သာစေပြီး၊ ပြန်လည်သင့်မြတ်ရေးနဲ့ဆွေးနွေးရေးအတွက် တံခါးဖွင့်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် စိတ်ရင်းအမှန်နဲ့ မျှော်လင့်ပါတယ်”လို့ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။


တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးက လိုင်ရဲ့ မှတ်ချက်စကားနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုတာမလုပ်ခဲ့ပါဘူး။ တရုတ်ကလိုင်ကို “ခွဲထွက်ရေးသမား”လို့ခေါ်ဆိုနေပြီး လိုင်ဘက်ကဆွေးနွေးဖို့အကြိမ်ကြိမ်ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချထားပါတယ်။ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကသာဆုံးဖြတ်နိုင်တယ်ဆိုတဲ့မူကို ထိုင်ဝမ်သမ္မတကဆုပ်ကိုင်ထားပါတယ်။


၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက် မနက်အစောပိုင်းမှာ တရုတ်စစ်တပ်ကတင့်ကားတွေ တီယန်အန်မင်ရင်ပြင်ထဲဝင်လာပြီး ကျောင်းသားတွေနဲ့အလုပ်သမားတွေ ရက်သတ္တပတ်များစွာကြာပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီရေးဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။


ဒီဖြိုခွင်းမှုနဲ့ အထိမ်းအမှတ်ပွဲတွေကျင်းပလေ့ရှိပြီး ဟောင်ကောင်မြို့ ဝိတိုရိယပန်းခြံမှာ နှစ်စဉ်လူပေါင်းသောင်းနဲ့ချီတက်ရောက်လေ့ရှိတဲ့ ဖယောင်းတိုင်မီးထွန်း အောက်မေ့ဖွယ်အခမ်းအနားတွေဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်က ‌ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း အဆုံးသတ်သွားခဲ့ပါတယ်။


အရင်ကအဲ့ဒီအခမ်းအနားတွေဟာ ဟောင်ကောင်ရဲ့လွတ်လပ်မှုကိုပြသတဲ့ သင်္ကေတတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပေမယ့် အခုအခါမှာတော့ အဆိုပါ နှစ်ပတ်လည်နေ့တွေမှာ ရဲတပ်ဖွဲ့ဝင်တွေအများအပြားချထားတာပဲတွေ့မြင်ရပြီး အောက်မေ့ဖွယ်လုပ်ဆောင်ချက်တွေလည်း မရှိသလောက်အလွန်နည်းပါးသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ကြာသပတေးနေ့မှာ ဂျာမနီမှာ လေးနေရာ၊ သြစတြေးလျမှာ တနေရာအပါအဝင် ကမ္ဘာတဝန်းရှိမြို့အချို့မှာ အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပဖို့မျှော်လင့်ထားပါတယ်။


ဖြစ်ပေါ်လာပုံ အကြောင်းရင်းများ

၁၉၈၉ ခုနှစ်နွေဦးပေါက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်းဖြစ်သူ ဟူယောင်ပန် (Hu Yaobang)က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသူဖြစ်ပြီး ကျောင်းသားတွေရဲ့လေးစားမှုကိုလည်းရရှိထားသူဖြစ်ပါတယ်။


သူကွယ်လွန်သွားတော့ ကျောင်းသားတွေကသူ့ရဲ့စျာပနကိုအကြောင်းပြုပြီး ဘေကျင်းမြို့ရှိ တီယန်အန်မင်ရင်ပြင်မှာစုရုံးကာ ဒီမိုကရေစီစနစ်၊ သတင်းလွတ်လပ်ခွင့်နဲ့ အကျင့်ပျက်ခြစားမှုတွေတိုက်ဖျက်ရေးအတွက် ဆန္ဒပြမှုတွေကို စတင်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေ ပြင်းထန်မှုအခြေအနေ

ဆန္ဒပြပွဲတွေက ဧပြီလ လလယ်ကနေ ဇွန်လ ၄ ရက်နေ့အထိကြာမြင့်ခဲ့ပါတယ်။ကနဦးမှာ ကျောင်းသားတွေပဲပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်သမားတွေနဲ့ဘေဂျင်းမြို့ခံ အများအပြားပါဝင်လာခဲ့တဲ့အတွက် လူဦးရေ သိန်းနဲ့ချီရှိခဲ့ပါတယ်။


တောင်းဆိုချက်တွေကတော့ နိုင်ငံရေးမှာ လွတ်လပ်စွာပြောဆိုခွင့်၊ တရားဥပဒေစိုးမိုးရေးနဲ့တရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာရှင်ဆန်မှုကို လျှော့ချဖို့အချက်တွေပါဝင်ပါတယ်။


ဆန္ဒပြမှုတွေ တနိုင်ငံလုံးအတိုင်းအတာအထိပျံ့နှံ့လာနိုင်တာကို စိုးရိမ်တာကြောင့် တရုတ်အစိုးရက martial law (စစ်အုပ်ချုပ်ရေး)ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၃ ရက်ညက ဇွန်လ ၄ ရက်အရုဏ်တက်ချိန်အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်သည်အင်အားအများအပြားအသုံးပြုပြီး ရင်ပြင်ကိုအတင်းအဓမ္မရှင်းလင်းခဲ့ပါတယ်။


တရုတ်စစ်တပ်ကဆန္ဒပြတဲ့သူတွေကို သေနတ်တွေနဲ့ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူအများအပြားသေဆုံးခဲ့ပါတယ်။ တရုတ်အစိုးရက သေဆုံးသူအရေအတွက်ကို အနည်းငယ်သာရှိတယ်လို့ဆိုသော်လည်း ကြက်ခြေနီအဖွဲ့၊ ကျောင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံခြားသံရုံးတွေရဲ့ခန့်မှန်းချက်အရ သေဆုံးသူမှာ ရာဂဏန်းကနေထောင်ဂဏန်းအထိရှိနိုင်တယ်လို့ ယူဆထားကြပါတယ်။


နိုင်ငံရေးအကျိုးဆက်အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုအပြီးအပိုင်ရပ်တန့်သွားခဲ့ပြီး ပါတီတွင်းကပြုပြင်ပြောင်းလဲရေးဝါဒီတွေအာဏာလက်လွတ်ဖြစ်ခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအရ ဆက်လက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံရေးအရတော့ အတိုက်အခံတွေကိုပိုမိုတင်းကျပ်စွာထိန်းချုပ်လာခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page