ဘန်ကောက်မှာလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအထူးအစည်းအဝေးကို စစ်အုပ်စုဘက်ကလည်းတက်မယ်
- BVJ

- Jul 10
- 1 min read
မိုနာ/BVJ_ဇူလိုင် ၁၀၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ လာမယ့် ဇူလိုင် ၁၂ရက်မှာပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အထူးအစည်းအဝေးကို အာဏာသိမ်းစစ်အုပ်စုဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေလည်းတက်ရောက်ဖို့ရှိတယ်လို့ ထိုင်းPBSသတင်းမှာဖော်ပြပါတယ်။
အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ရဲ့ပြောချက်အရ အဲဒီအစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံးတက်ရောက်ဖို့ အတည်ပြုထားပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးကြမယ်လို့သိရပါတယ်။
လာမယ့်အစည်းအဝေးကိုစစ်အုပ်စုဘက်ကတက်ရောက်မယ်ဆိုရင် မြန်မာနိုင်ငံကိုစစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးတွေကနေဖယ်ကျဉ်ခံထားရတဲ့ စစ်အုပ်စုရဲ့ပထမဆုံးပြန်လည်တက်ရောက်ရမှုလည်း ဖြစ်လာမှာပါ။
ထိုင်းဝန်ကြီးချုပ် အနုတင်ဟာ မလေးရှားနိုင်ငံကို အခု ဇူလိုင် ၉ရက်နဲ့၁၀ရက်မှာသွားရောက်ခဲ့ပါတယ်။ ဇူလိုင် ၉ရက်နေ့က ထိုင်းနဲ့မလေးရှားဝန်ကြီးချုပ်တို့လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာပါဝင်လာအောင်စွမ်းဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ကြိုးပမ်းမှုကိုတန်ဖိုးထားတယ်ဆိုပြီး မလေးရှားဝန်ကြီးချုပ်ကပြောခဲ့ပါသေးတယ်။
အာဆီယံဟာ စစ်အာဏာသိမ်းပြီးခန့်အပ်ထားတဲ့ သမ္မတနဲ့အစိုးရကိုအသိအမှတ်မပြုသေးတာကြောင့် အခုအာဆီယံဝန်ကြီးများအစည်းအဝေးကို စစ်အုပ်စုကတက်ခွင့်ရပြီးရင် ဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတော့ မသိသေးပါဘူး။
တဖက်မှာလည်း စစ်အုပ်စုရဲ့လွှတ်တော်ကနေ "အာဆီယံဘုံသဘောတူညီ (၅)ရပ်ကို အကောင်အထည်မဖော်ဖို့အဆို"ကို မနေ့က ဇူလိုင် ၉ရက်နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါသေးတယ်။




Comments