ညောင်ဦးက ကျောင်းအုပ်ဆရာမနဲ့ခင်ပွန်း ဝန်ထမ်းလိုင်းခန်းမှာ ပစ်သတ်ခံရ
- BVJ

- Jun 16
- 1 min read
BVJ/ထက်အောင် _ ဇွန် ၁၆ ၊ ၂၀၂၅

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ပင်ကန်ရွာ အထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမတစ်ဦးနဲ့ ခင်ပွန်းဖြစ်သူတို့ မနေ့က ဇွန်၁၅ရက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ညောင်ဦးမြို့နယ် ဒေသခံဆီက သိရပါတယ်။
ညောင်ပင်ကန်ရွာ အခြေခံပညာအထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်လတ်တို့ ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ကျောင်းဝင်းထဲက ဝန်ထမ်းလိုင်းခန်းမှာရှိနေချိန် ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“မနေ့မနက်က ဝင်ပစ်သွားတယ်လို့ သိရတယ်။ ကလေး ၂ ယောက် ကျန်ခဲ့တယ်။ တစ်ယောက်က ဆရာမကြီးရဲ့ ညီမ၊ နောက်တစ်ယောက်က သမီးပေါ့။ ညီမလုပ်တဲ့သူ G12 တက်နေတာ၊ သမီးဖြစ်တဲ့သူက G10 တက်နေတာ။ ဘယ်အဖွဲ့က ဝင်ပစ်လဲဆိုတာတော့ မသိပါဘူး” လို့ ညောင်ဦးဒေသခံက Burma VJ ကို ပြောပါတယ်။
ညောင်ပင်ကန်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်နက်ကိုင် ၇ ဦးက ဆိုင်ကယ် လေးစီးနဲ့ရောက်လာပြီး ကျောင်းအုပ်ဆရာမနဲ့ခင်ပွန်းဖြစ်သူတို့ကို ဝန်ထမ်းလိုင်းခန်းရှေ့ဆွဲခေါ်ကာ ပစ်သတ်ခံခဲ့ရကြောင်းနဲ့ ပစ်ခတ်မှုဟာ PDFကလုပ်တာလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၃)မူလွန်ကျောင်းက လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်ကို(၂၈ နှစ်)ကိုလည်း ဇွန်လ ၁၄ရက် မနက်၁၁နာရီကျော်မှာ PDF ၅ဦးက သေနတ်တွေကိုင်ကာ ဆိုင်ကယ်ငါးစီးနဲ့ရောက်လာပြီး ဆရာမကိုကြိုးတုတ်ဖမ်းခေါ်သွားတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။
အခုလ ဇွန် ၃ ရက်က ညောင်ဦးမြို့နယ် ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို ထနောင်းမြေစစ်ကြောင်းနဲ့ Bagan&Nyaung-U Special Task Force က လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဂန့်ဂါရပ်ကွက် ဇရပ်အတွင်းမှာရှိနေသူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။






Comments