မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ဇာလန်းစကီးရဲ့ကမ်းလှမ်းချက်ကို ပူတင်ဘက်က ငြင်းဆို
- BVJ

- Jun 8
- 1 min read
အေတီ/BVJ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်းစကီးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ကိုငြင်းပယ်လိုက်ပါတယ်။သူတို့နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ ဇာလန်းစကီးကတိုက်ရိုက်ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့တောင်းဆိုခဲ့ပေမယ့် ပူတင်က တွေ့ဆုံရင်လည်းဘာမှအကျိုးထူးမယ်လို့မမြင်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မဇာလန်းစကီးက ကြာသပတေးနေ့မှာ ပူတင်ဆီကိုအိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ ၂၀၂၂ခုနှစ်ကစတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ဟာ အမေရိကန်အာရုံစိုက်မှုအောက်ကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာမယ့်အချိန်ကို "စောင့်ဆိုင်းနေဖို့မသင့်ကြောင်း" ဖော်ပြထားပါတယ်။ဒါ့အပြင် ဇာလန်းစကီးက အပစ်အခဲရပ်စဲဖို့တောင်းဆိုခဲ့ပေမယ့် သူရဲ့ စာအရေးအသားပုံစံဟာရဲတင်းပြတ်သားပြီး တခါတရံမှာ ပူတင့်ကို လှောင်ပြောင်သရော်တဲ့လေသံတွေလည်းပါဝင်နေပါတယ်။
ဇာလန်းစကီးရဲ့အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး ပူတင်ကမှတ်ချက်ပေးရာမှာ အပစ်အခတ်ရပ်စဲခြင်းဟာယူကရိန်းအတွက် တပ်ဖွဲ့တွေပြန်လည်စုစည်းဖို့ အချိန်ရသွားစေရုံသာဖြစ်လိမ့်မှာဖြစ်ပြီး၊ ရုရှားအစိုးရကတောင်းဆိုထားတဲ့ အချက်တွေကို ယူကရိန်းဘက်ကမဖြည့်ဆည်းပေးသေးကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ယူကရိန်းဘက်ကလိုလားတာက ကျွန်တော်တို့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုးတက်မှုကိုရပ်တန့်ဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ခြောက်လ၊သုံးလအတွက် မဟုတ်ဘဲ ရေရှည်အတွက် သဘောတူညီချက်တွေလိုအပ်တယ်။ ကျွမ်းကျင်သူတွေအလုပ်လုပ်ပြီး ဖြေရှင်းချက်တွေထွက်လာပါစေ။ အဲဒီနောက်မှ ကျွန်တော်တို့တွေ့ဆုံနိုင်ပါတယ်"လို့ ပူတင်ကပြောပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ပွင့်လင်းစွာ တောင်းဆိုထားတဲ့သူ့ရဲ့အိတ်ဖွင့်ပေးစာကို ရုရှားဘက်ကငြင်းပယ်လိုက်တာဟာ ရုရှားက "စစ်ပွဲကို ထပ်မံရွေးချယ်လိုက်တာ"လို့ပြောပါတယ်။
"ပူတင်က စစ်ပွဲကိုအဆုံးသတ်ချင်စိတ်မရှိဘူး။ သူ့ရဲ့ဒီအဖြေကြောင့် ကမ္ဘာပေါ်က လူအတော်များများစိတ်ပျက်သွားကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"လို့ ဇလန်းစကီးက Telegramမှာရေးသားခဲ့ပါတယ်။
ဇာလန်းစကီးရဲ့ အဲ့ဒီအိတ်ဖွင့်ပေးစာဟာ ငြိမ်းချမ်းရေးအတွက်အားတက်ဖွယ်ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော်အပါအဝင် အချို့နေရာတွေမှာမျှော်လင့်ချက်တွေထားခဲ့ကြပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖြစ်ပါက"အလွန်ကောင်းမွန်လိမ့်မယ်"လို့ မှတ်ချက်ပြုထားပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ကြား အဓိကသဘောထားကွဲလွဲမှုဟာ နယ်မြေပိုင်ဆိုင်မှုနဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေဖြစ်ပါတယ် ။ ရုရှားဘက်က ယူကရိန်းနေတိုး (NATO)အဖွဲ့ဝင်ဖြစ်လာမယ့်အလားအလာကို သူတို့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအတွက်ခြိမ်းခြောက်မှုလို့ရူမြင်ထားပါတယ်။ တဖက်ကလည်း ယူကရိန်းက ရုရှားကသိမ်းယူထားတဲ့နယ်မြေပိုင်နက်အားလုံးကို ပြန်လည်ရယူဖို့နဲ့ အချုပ်အခြာအာဏာကိုအပြည့်အဝရရှိဖို့ ရပ်တည်လျက်ရှိပါတယ်။
စစ်ပွဲကာလအတွင်း နှစ်ဖက်အကြားအပြန်အလှန်စွပ်စွဲမှုတွေပြင်းထန်လာခြင်းကြောင့် တွေ့ဆုံဆွေးနွေးဖို့ယုံကြည်မှုအလွန်နည်းပါးနေပါတယ်။ ယူကရိန်းဘက်က ရုရှားရဲ့တိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်လို့ စွပ်စွဲထားပြီး၊ ရုရှားဘက်ကလည်း ယူကရိန်းအစိုးရရဲ့ မူဝါဒတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ခေါင်းဆောင်ချင်း မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းက အောင်မြင်မှုရဖို့အလွန်ခက်ခဲကြောင်း လေ့လာသူတွေကလည်းသုံးသပ်ကြပါတယ်။
ရုရှားရဲ့ရပ်တည်ချက်က ဒွန်ညက်စ် (Donetsk)၊ လူဟန့်စ် (Luhansk)၊ ခါဆန် (Kherson) နဲ့ ဇာပိုရစ်ဇီးယား (Zaporizhzhia)ဒေသတွေကနေ ယူကရိန်းတပ်တွေဆုတ်ခွာပေးဖို့နဲ့၊နေတိုး (NATO)အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်တွေကို စွန့်လွှတ်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရက ဘယ်နယ်မြေကိုမှ လက်လွှတ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ရုရှားကို အလျှော့ပေးလိုက်လျောခြင်းဟာ နောင်တချိန်မှာ ရုရှားကိုနောက်ထပ်ကျူးကျော်မှုတွေလုပ်ဆောင်ဖို့အားပေးသလိုဖြစ်လိမ့်မယ်လို့ ယူကရိန်းဘက်ကယုံကြည်ထားပါတယ်။ ၂၀၁၄ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ပြီး ရှစ်နှစ်အကြာမှာ အခုကျူးကျော်စစ်ကိုဆင်နွှဲခဲ့တဲ့အချက်ကို ထောက်ပြကြပါတယ်။




Comments