လျှပ်စစ်ဓာတ်အားအပြည့်အဝမပေးနိုင်တာဟာ မြစ်ဆုံစီမံကိန်း ရပ်တန့်ခဲ့ရတာကြောင့်လို့ စစ်ခေါင်းဆောင် ပြော
- BVJ

- May 21, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၂၁ ၊ ၂၀၂၅

မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား အလုံအလောက်မပေးနိုင်တာဟာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းရပ်ဆိုင်းခဲ့ရတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အားပေး အပြည့်အဝပေးနိုင်ဖို့ လုပ်ဆောင်နေပေမဲ့ လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အား စီမံကိန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်တာမျိုးမရှိဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့ရတဲ့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်အောင် မပေးနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီး မြစ်ဆုံစီမံကိန်းကို မရပ်တန့်ခဲ့ပါက လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၆၀၀၀ အထိ ရရှိနိုင်မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာမှာ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆောင်ရွက်နိုင်ပေမဲ့ လက်ရှိအခြေအနေအရ တချို့ဒေသတွေမှာ လုံခြုံရေးအရ ဆက်လက်အကောင်အထည်ဖော်နိုင်တာမျိုးမရှိဘူးလို့လည်း စစ်ကောင်စီက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး စက်မှုဇုန်တွေ၊ အလယ်အလတ်တန်းစားလုပ်ငန်းတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက အချိန်ပိုင်းမျှသာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အားပေးနေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း- CPI (State Power Investment Corporation – SPIC)၊ မြန်မာနဲ့ Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို မြန်မာစစ်တပ် ဦးသန်းရွှေလက်ထက် ၂၀၀၉ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပေမဲ့ ပြည်သူတွေရဲ့ကန့်ကွက်မှုတွေကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာလကတည်းက မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေပြီး အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ကြေညာခဲ့ပါသေးတယ်။




Comments