ဖိလစ်ပိုင်ငလျင်ကြောင့် သေဆုံးသူ ၃၂ ဦးထိရှိလာ
- BVJ

- Jun 9
- 1 min read
အီးကေ/BVJ_ ဇွန် ၈၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ မင်ဒါနာအိုကျွန်းအနီး ပြင်းအား ၇.၈မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၃၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေကအတည်ပြုပါတယ်။
ငလျင်ဟာ တနင်္လာနေ့၊ဒေသစံတော်ချိန် မနက် ၇ နာရီ၃၇မိနစ် (GMT စံတော်ချိန် တနင်္ဂနွေနေ့ ၂၃ နာရီ ၃၇ မိနစ်)မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ဂျပန်နဲ့သြစတြေးလျနိုင်ငံတို့မှာ ဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။
ငလျင်အပြီးမြင်တွေ့ရတဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေမှာ အဆောက်အအုံတွေပြိုကျနေတာမြင်တွေ့ရပြီး Jollibee အမြန်စား အစားအသောက်ဆိုင်တစ်ဆိုင် အပျက်အစီးပုံအဖြစ်ပြောင်းလဲသွားတဲ့ရုပ်သံမှတ်တမ်းတွေအပြင် အချို့နေရာတွေမှာမြေပြိုမှုတွေပါဖြစ်ခဲ့ပါတယ်။
ပြည်နယ်အသီးသီးမှာ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သလို လူပေါင်း ၂၀ ခန့် လည်းပျောက်ဆုံးနေပြီး ဒေသခံ ၁၀,၀၀၀ ခန့်ကိုရွှေ့ပြောင်းပေးထားရကြောင်း တာဝန်ရှိတဲ့သူတွေကပြောပါတယ်။ မင်ဒါနာအိုကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး လူဦးရေ ၂၆ သန်းခန့် နေထိုင်လျက်ရှိပါတယ်။
သေဆုံးမှုစာရင်းကိုတော့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက အတည်ပြုစစ်ဆေးဖို့လိုအပ်နေပါသေးတယ်။အဲ့ဒီဌာနက ဒေသတွင်းသတင်းရင်းမြစ်အမျိုးမျိုးကအချက်အလက်တွေကို စုစည်းစိစစ်လျက်ရှိပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်ပေးဖို့ရှိပါတယ်။

ငလျင်ဗဟိုချက်ကနေ ၂၀ ကီလိုမီတာ (၁၂.၅ မိုင်)ခန့်အကွာမှာရှိတဲ့ ကမ်းရိုးတန်းပြည်နယ် ဆာရန်ဂါနီ (Sarangani)မှာ လူ ၁၇ ဦးသေဆုံးခဲ့ပြီး အများစုဟာ မြေပြိုမှုကြောင့်သေဆုံးခဲ့တာဖြစ်ပါတယ်။
ငလျင်ဗဟိုချက်နဲ့အနီးဆုံးမြို့ ဂျန်နရယ် ဆန်တို့စ် (General Santos) မြို့မှာ လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးရုံးကထုတ်ပြန်ထားပါတယ်။ နောက်ထပ် လူ ၂၂ ဦးလည်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဖိလစ်ပိုင်ရဲ့ တူနာငါးမြို့တော်လို့လူသိများတဲ့ ဂျန်နရယ် ဆန်တို့စ်မြို့ဟာ ကမ္ဘာ့လက်ဝှေ့ချန်ပီယံနဲ့နောက်ပိုင်းမှာ နိုင်ငံရေးသမားဖြစ်လာသူ မန်နီ ပက်ကွီအို (Manny Pacquiao)ရဲ့ဇာတိမြို့ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက် ကိုတာဘာတို (South Cotabato)နဲ့ ဆူလ်တန် ကုဒါရတ် (Sultan Kudarat) ပြည်နယ်တွေမှာလည်း ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။




Comments